
၂၁. ၃. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက် ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် ပေးသည့်အတိုးနှုန်းအား ၃ ဒသမ ၈ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဗဟိုဘဏ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၏ ငွေကြေးလွယ်ကူမှုအား ပိုမိုအထောက်အကူပြု စေရန်နှင့် ဘဏ်များအတိုးဝင်ငွေ ပိုမိုရရှိစေရန် ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့် ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် ပေးသည့်အတိုးနှုန်းအား ၃ ဒသမ ၈ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်ခြင်းအား ရည်ညွှန်းချက်ပါ ညွှန်ကြားချက်အမှတ် (၄/၂၀၂၄) ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတန်အသင့်မြင့်မားလျက်ရှိသော ဗဟိုဘဏ်ပြင်ပရှိ လှည့်လည်သုံးစွဲငွေအား သွယ်ဝိုက်သည့်နည်းလမ်းဖြင့် လျှော့ချနိုင်စေရန်၊ အတိုးနှုန်းတည်ဆောက်မှု ပုံစံ (Interest Rate Structure) မှန်ကန်မှုကို အထောက်အကူဖြစ်စေရန်နှင့် ဘဏ်များအတိုးဝင်ငွေ ပိုမိုရရှိခြင်းဖြင့် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဘဏ်များက မြန်မာကျပ်ငွေ (CAB) ဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်သည့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးသည့် အတိုးနှုန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ငွေကြေးမူဝါဒကော်မတီအစည်းအဝေး (၁/၂၀၂၅) ဆုံးဖြတ်ချက်အရ ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ပျမ်းမျှပိုလျှံသီးသန့်ငွေ (Average Excess Reserve) အပေါ်အတိုးပေးရာတွင် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ အနည်းဆုံးကျပ် ၇ ဘီလျံနှင့်အထက်ရှိသော ဘဏ်များကိုသာ အတိုးပေးမည်ဖြစ်ပြီး အများဆုံးပိုလျှံသီးသန့်ငွေပမာဏ ကျပ် ၅၀ ဘီလျံထိသာ ခွင့်ပြုမည်ဖြစ်သည်။
ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်ပေးမည့် အတိုးနှုန်းကို ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ် လိုက်သလို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အတိုးပေးမည့် အနည်းဆုံးနှင့် အများဆုံးပိုလျှံသီးသန့် ငွေပမာဏဘောင် သတ်မှတ်ချက်နှင့် ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် ပေးမည့်အတိုးနှုန်းကို အခါအားလျော်စွာသုံးသပ်၍ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီစေရန် ပြောင်းလဲပြင်ဆင်ခြင်း (တိုးခြင်း/လျော့ခြင်း) ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
အတိုးငွေကိုတွက်ချက်ရာတွင် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက် ထိန်းသိမ်းမှုကာလအလိုက် နောက်ဆုံးနေ့ရှိ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် တွက်ချက်မည်ဖြစ်ပြီး ထိန်းသိမ်းမှုကာလနောက်ဆုံးနေ့ရက်၏ T+2 ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရှိ သက်ဆိုင်ရာဘဏ်၏ စာရင်းသို့ အလိုအလျောက်ထည့်သွင်းပေးမည်ဖြစ်သည်။
ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်မှ ဧပြီလ ၂၂ ရက်အထိ ထိန်းသိမ်းမူကာလမှ စတင်ကျင့်သုံးသွားမည်ဖြစ်ပြီး ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ်တွင် အတိုးပေးခြင်းကို မြန်မာကျပ်ငွေဖြင့် လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (Retail Banking) ခွင့်ပြုထားသည့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ် လက်အောက်ခံဘဏ်များအား တစ်ပြေးညီ ဆောင်ရွက်သွားမည်ဖြစ်သည်။
