
၁၇.၃.၂၀၂၅
Translated by Htwe Ko Tun
မြောက်မက်ဆီဒိုးနီးယားနိုင်ငံတွင် မတ်လ ၁၆ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီခွဲတွင် နိုင်ငံအရှေ့ပိုင်းရှိ ကိုကာနီမြို့(Kocani) ရှိ ညကပွဲရုံတစ်ခုတွင် မီးလောင်ခဲ့ရာ အနည်းဆုံးလူ ၅၉ ဦးသေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ က လူ ၁၅ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။



မီးက Pulse ညကပွဲရုံတွင် မီးစတင်လောင်ကျွမ်းခဲ့ကာ ထိုအချိန်က ညကပွဲရုံတွင်လည်း နိုင်ငံအတွင်းလူကြိုက်များသော DNK အဖွဲ့၏ Hip-hop duo တေးဂီတအကကို ကြည့်ရှုရန် လူငယ်အများစုပါဝင်သော လူ ၅၀၀ ခန့်က အဆောက်အအုံသို့ စုရုံးရောက်ရှိနေကြသည် ဆိုသည်။
တီးဝိုင်းအဖွဲ့ဝင်များမှဆိုလျှင် တစ်ဦးသာ ဒဏ်ရာများနှင့် အသက်ရှင်ကျန်ရစ်ပြီး ၎င်းကိုလည်း ဆေးရုံတင်ကုသထားရသည်ဟု ဆိုသည်။ ထို့ပြင် ညကပွဲရုံအတွင်း စုစုပေါင်းဒဏ်ရာရသူ ၁၅၅ ဦးရှိခဲ့ကြောင်းလည်းသိရသည်။
ပြည်ထဲရေးဝန်ကြီးက ညကပွဲရုံမှာ ဥပဒေအရ ခွင့်ပြုလိုင်စင်နှင့် လုပ်ကိုင်နေခြင်းလည်းမဟုတ်ကြောင်းပြောခဲ့ကာ ဖမ်းဆီးထားသူများကို စစ်မေးသွားမည်ဟု ဆိုခဲ့သည်။



၎င်းညကပွဲရုံက မြို့တော် စကုတ်ဂျီ(Skopje) မှကီလိုမီတာ ၁၀၀(မိုင် ၆၀ )အကွာရှိ ကိုကာနီမြို့တွင် တည်ရှိကာ ဖြစ်သလို ဖန်တီးဖွင့်လှစ်ထားသည့် ညကပွဲရုံတစ်ခုဟုယူဆရသည်။ ယခင်က ကော်ဇောဂိုထောင်တစ်ခုဟုသိရပြီး အဆောက်အအုံတွင် ဝင်ပေါက်တစ်ခုသာရှိကာ နောက်ဘက်တံခါးကို အသုံးမပြုဘဲသော့ခတ်ထားကြောင်းနှင့် မီးလောင်မှုဖြစ်စဥ်မှာ တေးဂီတဖျော်ဖြေစဥ် မီးရှုးမီးပန်းဖောက်ရာက မျက်နှာကြက်မီးစွဲလောင်ခြင်းနှင့် လူအုပ်ပြိုမှုကြောင့် သေဆုံးဒဏ်ရာရမှု များပြားခဲ့ခြင်းဟုလည်း ကနဦးကောက်ချက်အရ သိရသည်။
Ref- bbc