
၁၀.၃.၂၀၂၅
Written by KL
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ထားဝယ်ဆေးရုံကြီးဝင်းအတွင်းရှိ ကံ့ကော်ပင်ပေါ် ကံ့ကော်ပန်းတက်ခူးရာမှ ပြန်မဆင်းတတ်သော မိန်းကလေးကို မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရမှု ယနေ့ မတ်လ ၁၀ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်။
မိန်းကလေးမှာ အသက် ၁၂ နှစ်အရွယ်ရှိပြီး ဆေးရုံဝင်းအတွင်းရှိ သန့်ရှင်းရေးဝန်ထမ်း၏ သမီးဖြစ်ကာ ကံ့ကော်ပင်ပေါ် ပန်းတက်ခူးရာမှ သစ်ပင်ခွကြားတွင် ခြေထောက်ညပ်နေ၍ ပြန်ဆင်းမရခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သည့် ထားဝယ်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။






“မိန်းကလေးက သစ်ပင်ခွကြားမှာ ခြေထောက်ညပ်ပြီး ပြန်ဆင်းမရတော့တာ။ သိသိချင်း ကျွန်တော်တို့ရောက်သွားပြီး အမြန်ဆုံးကယ်ထုတ်လိုက်ပါတယ်။ ထိခိုက်ဒဏ်ရာတော့မရပါဘူး”ဟု ထားဝယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သစ်ပင်ခွကြားတွင် ခြေထောက်ညပ်နေသော မိန်းကလေးကို ထားဝယ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလှေကားများအသုံးပြုကာ အမြင့်ပေ ၃၀ ခန့်မှ ၁၀ မိနစ်ကြာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။
