၁၀.၃.၂၀၂၅
Translated by Htwe Ko Tun
ကနေဒါနိုင်ငံတွင် အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့်တိုက်ခိုက်သိမ်းပိုက်ရေးခြိမ်းခြောက်မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရမှုတို့နှင့် တစ်ပြိုင်တည်း ရင်ဆိုင်နေရချိန်မှာပင် အာဏာရလစ်ဘရယ်ပါတီက ဗဟိုဘဏ်လုပ်ငန်းရှင်ဟောင်း မာ့က်ကာနေးအား ပါတီခေါင်းဆောင်အဖြစ် မတ်လ ၉ ရက်တွင် ရွေးကောက်တင်မြှောက်ခဲ့ရာ ၎င်းက ကနေဒါနိုင်ငံ၏ ဝန်ကြီးချုပ်အသစ် ဖြစ်လာတော့မည်ဖြစ်ကြောင်းလည်း သိရသည်။
ဇန်နဝါရီလအတွင်းကပင် ဝန်ကြီးချုပ်တာဝန်မှ နုတ်ထွက်ခဲ့သော်လည်း ၎င်းအားဆက်ခံမည့်သူရွေးပြီးသည်အထိ ဆက်လက်တာဝန်ယူနေရသော ထရူးဒေါ၏နေရာတွင် အသက် ၅၉ နှစ်ရှိ မာ့က်ကာနေးက နိုင်ငံ၏ဝန်ကြီးချုပ်သစ်အဖြစ် ဆက်လက်တာဝန်ယူသွားမည်ဖြစ်သည်။
မာ့က်ကာနေးက “ကျွန်တော်တို့နိုင်ငံစီးပွားရေးကို ပျက်စီးအားနည်းအောင် လုပ်နေသူတစ်ဦးရှိတယ်။ ဒေါ်နယ်ထရန့်ဟာ သိကြတဲ့အတိုင်း ကျွန်တော်တို့ တည်ဆောက်ထားတာတွေ၊ ရောင်းချထားတာတွေအပေါ် မမျှမတ ကုန်သွယ်စည်းကြပ်ခွန်တွေ ကောက်ခံနေတော့ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်း ဘဝကို တိုက်ခိုက်နေသလိုပဲ။ သူက ကနေဒါနိုင်ငံရဲ့ မိသားစုတွေ၊ အလုပ်သမားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်နေသလိုပဲ။ ဒါကို ကျွန်တော်တို့က သူတို့အောင်မြင်ဖို့ ခွင့်မပြုနိုင်ဘူး” ဟုပြောကြားခဲ့သည်။။
ထို့ပြင် ကာနေးက “အမေရိကန်တွေက ကျွန်တော်တို့ကို လေးစားမှုပြန်ပြတဲ့အထိ ကျွန်တော်တို့ကလည်း လက်တုံ့ပြန်တဲ့အခွန်စည်းကြပ်မှုတွေ ထားသွားမှာပဲ။ ကျွန်တော်တို့အနေနဲ့ တိုက်ခိုက်မှုကိုမလိုလားပါဘူး။ ဒါပေမယ့် တစ်ယောက် ယောက်က စပြီးတိုက်ခိုက်လာရင်တော့ ကနေဒါပြည်သူတွေဘက်ကလည်း အဆင်သင့် ရှိမှာပါ” ဟု ဆက်လက်ပြောခဲ့သေးသည်။
ထရန့်၏ ကုန်သွယ်ရေးစစ်ပွဲတိုက်ခိုက်မှုနှင့် ကနေဒါအား အမေရိကန်ပြည်ထောင်စု၏ ၅၁ ခုမြောက် ပြည်နယ်အဖြစ်ပြောခဲ့မှုတို့က ကနေဒါနိုင်ငံသားများကို များစွာဒေါသဖြစ်စေခဲ့သည်။ ကနေဒါနိုင်ငံသားအချို့က နှစ်နိုင်ငံနယ်စပ်တွင် တောင်ဘက် အမေရိကန်ပြည်ထောင်စုအတွင်း သွားရောက်လည်ပတ်မည့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ကြပြီး အများအပြားက အမေရိကန်ကုန်ပစ္စည်းများ ဝယ်ယူမှုကို ရှောင်ရှားခဲ့ကြသည်။
ကနေဒါနိုင်ငံတွင် အမျိုးသားရေးဝါဒ အရှိန်အဟုန်မြင့်မားလာမှုက လာမည့်ရက်များ (သို့မဟုတ်) သီတင်းပတ်များအတွင်း ကျင်းပရန်မျှော်လင့်သည့် ပါလီမန်ရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီအဖို့ အခွင့်အလမ်းများကို အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်သစ်ဖြစ်လာမည့် မာ့က်ကာနေးက Wall Street မီဒီယာအတွေ့အကြုံရှိ ပညာတတ်စီးပွားရေးပညာရှင်တစ်ဦးဖြစ်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ရေးနှင့်ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ရေးတို့အတွက် နှစ်ကြာရှည်စွာကပင် စိတ်ဝင်စားခဲ့သူဖြစ်သည်။ သို့သော်၎င်းအနေနှင့် နိုင်ငံရေးအတွေ့အကြုံအရမူ အားနည်းကြောင်း သိရသည်။
Ref- AP
