ပုံစာ။ လသာ ၂၃ လမ်းထောင့်တွင် မီးလောင်မှုဖြစ်စဥ်မြင်ကွင်း (Photo - Tun Tun Duwon & CJ)
၁၀. ၃. ၂၀၂၅
Written by Thettant
ရန်ကုန်တိုင်း၊ လသာမြို့နယ်၊ အနော်ရထာလမ်းနဲ့ ၂၃ လမ်းထောင့်မှာ မတ်လ ၉ ရက်ကူးစ နံနက် ၁ နာရီ မိနစ် ၄၀ ခန့်က ရပ်ထားတဲ့ ကား ၃ စီး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။


မီးလောင်မှုမှာ Hijet၊ Carry နဲ့ Suzuki Swift တို့ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး စလောင်တဲ့ကားက မီးသွေးအိတ်တွေလှောင်ထားတဲ့ ဂိုဒေါင်ကားလို့ ကနဦးသိရပြီး အလယ်ကားကလောင်တာဖြစ်လို့ ဘေးဘက်က နှစ်စီးကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
“ကားသုံးစီးမှာ Swift ကတော့ ထိတာနည်းတယ်။ Hijet နဲ့ Carry က ပိုများတာ။ နောက်ခန်းမှာဆို ပစ္စည်းတချို့လည်းရှိနေတော့ ပိုလောင်အားကောင်းသွားတာ။ ရပ်ထားတဲ့အချိန် လောင်တာ၊ ညဘက်လည်းဖြစ်နေတော့ ဖြစ်နိုင်ခြေတွေ စိစစ်နေတာပေါ့။ ကားသုံးစီးပေါင်းတန်ဖိုးက သိန်းထောင်ဂဏန်းရှိပါတယ်”လို့ မီးငြှိမ်းသတ်ရာမှာပါဝင်သူတစ်ဦးက မျက်မြင်တွေ့ရတဲ့ဖြစ်စဥ်အပေါ် ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ မီးသတ်ဦးစီးဌာနကလည်း မတ်လ ၉ ရက် နံနက် ၁ နာရီ ၄၂ မိနစ်မှာ မီးသတင်းလို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ နာရီ ၄၄ မိနစ်အချိန် မီးငြိမ်းတယ်လို့ ပြောပါတယ်။
ဖြစ်ရပ်မှာ မီးလောင်မှုကို မီးသွေးတွေကြောင့် အောင်းပူဖြစ်တာ၊ ဆီယိုကျမှုကနေ ပေါ့ဆမီးကြောင့်မီးလောင်တာ၊ ဆီခိုးထုတ်ခံရချိန် မီးလောင်တာ၊ ဆီပန့်က စတာ၊ မသမာသူရှို့မီး စသဖြင့် ဖြစ်နိုင်ခြေတွေကို CCTV မှတ်တမ်းတွေ၊ သက်သေတွေနဲ့ စိစစ်နေတယ်လို့ ကနဦးသိရပါတယ်။
ပုံစာ။ လသာ ၂၃ လမ်းထောင့်တွင် မီးလောင်မှုဖြစ်စဥ်မြင်ကွင်း (Photo – Tun Tun Duwon & CJ)
