၁၀.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်အတွင်း သမ္မတထရန့်ရဲ့ မာအာလာဂို အိမ်တော်အနီးမှာ ယာယီအားဖြင့် ကန့်သတ်မှုပြုထားတဲ့ လေပိုင်နက်အတွင်း မတ်လ ၉ ရက်က ချိုးဖောက် ဝင်ရောက်လာတဲ့ အရပ်ဘက်လေယာဉ်တစ်စင်းကို အမေရိကန်လေတပ်မှ ဂျက်တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားမှုပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကြိမ်ပါဆိုရင် ဇန်နဝါရီလ ၂၀ ရက်ကစလို့ ကန့်သတ်မှုပြုထားတဲ့ သမ္မတအိမ်တော်အနားလေပိုင်နက်အတွင်း ချိုးဖောက်ဝင်ရောက်မှုက အကြိမ် ၂၀ ကျော်ရှိခဲ့ပြီလို့ သိရပါတယ်။
အမေရိကန်မြောက်ပိုင်းတိုင်း လေကြောင်းကာကွယ်ရေး စစ်တိုင်းက ကြေညာချက်ထုတ်ပြန်ရာမှာ West Palm Beach ဂေါက်ကွင်းမှာ သမ္မတထရန့် ဂေါက်ရိုက်ကစားပြီးတဲ့အချိန်မှာပဲ F-16 တိုက်လေယာဉ်တွေက အရပ်ဘက်လေယာဉ်မှူးအနေနဲ့ ကန့်သတ်လေပိုင်နက်မှန်း သတိပြုမိစေဖို့ မီးကျည်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သမ္မတ ထရန့်က မတ်လ ၈ ရက် နံနက်မှာလည်း သူ့ရဲ့ အိမ်တော်ကနေ ဂေါက်ကွင်းကိုရောက်ပြီး မကြာခင်လေးမှာ အဲဒီလိုဟန့်တားမှုတစ်ရပ်ကို ဂျက်လေယာဉ်တွေက ပြုလုပ်ခဲ့ရပါသေးတယ်။
တင်းကျပ်စွာကန့်သတ်ထားတဲ့ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းလေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်မှုတွေက တိုက် လေယာဉ်တွေအဖို့တော့ ကြားဖြတ်ဟန့်တားမှုတွေပြုလုပ်ရတဲ့အဆင့်တွေထိ ရောက်ခဲ့ရပေမယ့် သမ္မတထရန့်ရဲ့အစီအစဉ်တွေလမ်းကြောင်းပြောင်းရမှု ဒါမှမဟုတ် လုံခြုံရေးကိုသက်ရောက်မှုတွေတော့ မဖြစ်ခဲ့သေးပါဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ ကြားဖြတ်ဟန့်တားဖို့သုံးတဲ့မီးကျည်တွေက မြေပြင်ကနေ ကောင်းစွာမြင်ရပေမယ့် လျင်မြန်စွာလောင်ကျွမ်းပြီး အန္တရာယ်တစ်စုံတစ်ခု မဖြစ်စေနိုင်ပါဘူး။
မာအာလာဂိုစံအိမ်ကို သမ္မတ ရောက်ရှိနေချိန်မှာ ရေမိုင် ၃၀ အချင်းဝက်အထိ ကျယ်ပြန့်တဲ့ သမ္မတရဲ့ စံအိမ်လေပိုင်နက်ဧရိယာအပေါ် လေယာဉ်ပျံသန်းမှုကို တာဝန်ရှိသူတွေက အမြဲကန့်သတ်ထားပါတယ်။
လေယာဉ်လုံခြုံရေး၊ နိုင်ငံတော်လုံခြုံရေးနဲ့ သမ္မတလုံခြုံရေးတို့အတွက် ကန့်သတ်လေပိုင်နက်တွေကို ဖြတ်သန်းပြီးမဝင်ရောက်ကြဖို့ မြောက်ပိုင်းတိုင်းလေကြောင်းကာကွယ်ရေးစစ်တိုင်းက ကြေညာချက်မှာ ပြောခဲ့ပါတယ်။
Ref- AP
