၁၀.၃.၂၀၂၅
Written By Thandar
Korea နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းရိုက်ကူးမယ့် လျှို့ဝှက်ဆန်းကြယ် အချစ်ဇာတ်လမ်းပုံစံ “ဘုရင့်သတို့သမီး” ဇာတ်လမ်းတွဲ မိတ်ဆက်ကန်တော့ပေး အခမ်းအနားကို ယနေ့ မတ်လ ၁၀ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ မြဝတီစင်တာမှာ ကျင်းပခဲ့ပါတယ်။





“ဒီလိုဇာတ်လမ်းမျိုးကို ရိုက်ချင်နေတာ တော်တော်ကြာပြီ။ အမကလေ ချစ်ကြိုက်ကွဲညား ဖောက်ထွက်ပြီး လမ်းကြောင်းတစ်ခုပေါ်ကို တက်ချင်တာပေါ့နော် အမရဲ့စိတ်ကူးက။ အမတို့လည်း အရင်တုန်းက ဒီ ဇာတ်တွေပဲ လည်ပြီးတော့ ရိုက်ခဲ့တယ်။ တခြားလမ်းကြောင်းတစ်ခုကို ထိုးဖောက်ဖို့အတွက် ဇာတ်လမ်းဆန်ပြီးတော့ ထုတ်လုပ်သူကလည်း သတ္တိရှိမှပေါ့နော်။ အွန်လိုင်းပေါ်မှာ အရမ်းပေါက်နေတဲ့ စာရေးဆရာ Hazel ရေးထားတဲ့ ဇာတ်ကိုရိုက်တာပါ။ ဒီဘက်က ပရိုဂျူဆာတွေပြောတော့ အဆင်မပြေဘူး။ KB&H Entertainment ဇာတ်ကားထုတ်တဲ့ကုမ္ပဏီကနေ သူများနိုင်ငံနဲ့ချိတ်ဆက်ထားတာမို့ အမအတွက်လည်း စိန်ခေါ်မှုတွေများပါတယ်။ သူများနိုင်ငံကို ပြသနိုင်မှာမို့ စိန်ခေါ်မှုများသလို အန္တရာယ်လည်း အရမ်းများတယ် ကြိုးစားဖန်တီးမှာပါ” လို့ ဒါရိုက်တာ ကျော်နှင်းဆီက ပြောပါတယ်။






အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းကို Hazel က ရေးသားပြီးတော့ ဒါရိုက်တာ ကျော်နှင်းဆီက Season 1၊ Season 2 အနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ် အင်ပါယာ အချစ်ဇာတ်လမ်းပုံစံမျိုးကို မတ်လ ၁၈ ရက်မှာ အကောင်းဆုံး စတင်ရိုက်ကူး ပုံဖော်သွားမယ်လို့ သိရပါတယ်။
Season 1 အပိုင်း ၁၂ ခုစာကို သရုပ်ဆောင်တွေဖြစ်တဲ့ ထက်အောင်ရှိုင်း၊ ထွန်းပုလဲရတနာ၊ နေရည်ဝင်းလဲ့၊ ပိုင်သစ်၊ ဆုရှိုင်း၊ ဒံယေလ၊ ညီဂျော်စတဲ့ အနုပညာများစွာအပြင် ကိုရီးယားသရုပ်ဆောင် နှစ်ယောက် ပါဝင်ကြမယ်လို့ သိရပါတယ်။
