၇.၃.၂၀၂၅
Translated by Htwe Ko Tun
ရုရှားနိုင်ငံရဲ့ Transport of the Future(TB-Drone) ကုမ္ပဏီက ဘီလာရုစ်နိုင်ငံမှာ မောင်းသူမဲ့လေယာဉ် ဒရုန်းတွေထုတ်လုပ်ဖို့ စက်ရုံတစ်ခုတည်ဆောက်မယ့်စီမံကိန်းမှာ ပါဝင်သွားမယ်လို့ ပြောကြားခဲ့တယ်ဆိုတာ Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရုရှားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ဟာ ဘီလာရုစ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုနဲ့ ဘီလာရုစ်နိုင်ငံမှာ ဒရုန်းလုပ်ငန်းဖွံ့ဖြိုးရေးအတွက် မင့်စ်ခ်မြို့မှာ မတ်လ ၆ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ TB-Drone ကုမ္ပဏီက အဓိကအားဖြင့် စောင့်ကြည့်ဖို့၊ လယ်ယာစိုက်ပျိုးရေးနဲ့ဖြန့်ချိရေးလုပ်ငန်းစသဖြင့် လုပ်ငန်းပေါင်းစုံမှာ အသုံးပြုနိုင်တဲ့ ကုမ္ပဏီထုတ် ဒရုန်းတွေကို တင်ဆက်ပြသခဲ့တယ်လို့ ဆိုပါတယ်။
TB-Drone ကုမ္ပဏီ အလုပ်အမှုဆောင်အတွင်းရေးမှူးချုပ်ဖြစ်တဲ့ ယူရီကိုဇာရန်ကိုက “အသင့်အသုံးပြုနိုင်မယ့် ဒရုန်းထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးစီမံကိန်းကို ရေးဆွဲပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ သမ္မတရဲ့ အကူအညီပေးမှုတွေလည်း ရရှိထားပါတယ်။ စီမံကိန်းကို အကောင်အထည်မဖော်ခင် လုပ်စရာအများကြီးတော့ ရှိသေးတယ်” လို့ ပြောခဲ့ပါတယ်။

TB-Drone ကုမ္ပဏီက စီမံကိန်းအကောင်အထည်ဖော်မယ့်ကာလနဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏတော့ ထုတ်ကုန်တွေကို ဒေသအလိုက် သတ်မှတ်မှုနဲ့ နှစ်ဖက်သဘောတူညီချက်တွေအပေါ်မူတည်မှာပါလို့လည်း ပြောခဲ့ပါတယ်။
စက်ရုံက စက်အင်အားအပြည့်ဆိုရင် တစ်နှစ်ကို မောင်းသူမဲ့လေယာဉ်ဒရုန်း အစင်း ၁၀၀,၀၀၀ အထိ ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။
Ref- Interfax, Moscow Times
