
MT News
၇. ၃. ၂၀၂၅
မိရိုးဖလာအဆင့်မှ တက်မလာသေးသည့် ပြည်တွင်းထုတ်သံထည်ပစ္စည်းများ ခေတ်နှင့်အညီ ပိုမိုအဆင့်မြှင့်တင် ထုတ်လုပ်နိုင်ရေး အစိုးရ-ပုဂ္ဂလိကပူးပေါင်းကြိုးစားမှုဖြင့် ရလဒ်ကောင်းများရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခေတ်မီသံထည်/သံပုံသွင်း နည်းပညာများအသုံးပြုပြီး အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တိုးတက်ရရှိရေးတို့အတွက် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
ခေတ်စနစ်များပြောင်းလဲလာသော်လည်း ပန်းပဲလက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ငန်းဆက်လက်ရပ်တည်လုပ်ကိုင်သူများ ရှိသော်လည်း ပညာသင်ယူရသည့်အချိန် ကြာမြင့်ခြင်း၊ မီးအပူ၊ သံအပူတို့ကို ခံစားရခြင်း၊ လိုရာပုံရရှိအောင်ထုရိုက်ရသည့်အတွက် ပင်ပန်းခြင်း၊ ပြည်ပမှကုန်ပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝင်ရောက်လာခြင်းတို့ကြောင့် ပန်းပဲပညာကို လက်ဆင့်ကမ်းသင်ယူသူနည်းပါးလာကြောင်း၊ မိရိုးဖလာပန်းပဲလုပ်ငန်းများ၊ အိမ်တွင်းမှုလုပ်ငန်းများမှ မီးဖိုချောင်သုံးဓား၊ ကတ်ကြေးမှအစပြုပြီး လယ်ယာသုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများကို အာမခံနှင့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSME လုပ်ငန်းများကို မိရိုးဖလာမှသည် ခေတ်နှင့်အညီ ပိုမိုအဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒေါက်တာချာလီသန်းက ပြောကြားသည်။
ပန်းပဲလုပ်ငန်းများသည် ပြည်တွင်းဈေးကွက်သာရှိနေပြီး ကုန်ကြမ်းလုံလောက်မှု၊ ထုတ်ကုန်ပစ္စည်းအရည်အသွေး၊ တီထွင်ဆန်းသစ်မှု၊ နည်းပညာနှင့် ဈေးကွက်ရှာဖွေနိုင်မှုစသည့် လိုအပ်ချက်များရှိနေသည့်အတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါက ပြည်တွင်းထုတ်လုပ်ရောင်းချမှုအားကောင်းလာကာ ပြည်ပတင်ပို့ရောင်းချနိုင်သည်အထိ အောင်မြင်လာမည်ဖြစ်သည်။
ထို့အပြင် “မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅”တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် သံထည်ထုတ်ကုန်ပစ္စည်း ကတ်ကြေး၊ ဓား စသည်တို့သည် အရည်အသွေးကောင်းမွန်ပြီး ထင်ရှားသည့်အတွက် အဆိုပါသံထည်ထုတ်ကုန်ပစ္စည်းများ ဆက်လက်ဖွံ့ဖြိုး တိုးတက်ရေး တွန်းအားပေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှုပြုထားကြောင်း သိရသည်။
ထို့အတူ “စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရန်လိုသကဲ့သို့ အခြားထုတ်ကုန်များကို အဆင့်မီစွာထုတ်လုပ်နိုင်ရေးကို အားပေးမြှင့်တင်ဆောင်ရွက်သွားရန်” လမ်းညွှန်ထားသောကြောင့် အိမ်တွင်းမှုလုပ်ငန်းများမှ မီးဖိုချောင်သုံးဓား၊ ကတ်ကြေးမှအစပြုပြီး လယ်ယာသုံးပစ္စည်းများ၊ လက်သမားသုံးပစ္စည်းများအားလုံးကို အရည်အသွေးမြှင့် နိုင်ငံတကာအဆင့်မီထုတ်လုပ်ရေး၊ ဈေးကွက်တိုးတက်ရရှိရေးတို့ကို အစိုးရ-ပုဂ္ဂလိကပူးပေါင်းကြိုးစားမှုဖြင့် ရလဒ်ကောင်းများရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒေါက်တာချာလီသန်းက ပြောကြားသည်။