◾ ရုရှားနှင့်အမေရိကန် အနာဂတ်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ သမ္မတနှစ်ဦး အပြန်အလှန်ပြောကြား
၂၆.၂.၂၀၂၅.
Translated by Htwe Ko Tun
ရုရှားအစိုးရက ရုရှားနိုင်ငံအတွင်းမှာ အမေရိကန်ပြည်ထောင်စု လိုအပ်နေတဲ့ မြေရှားသတ္တုသိုက်တွေ အများအပြားရှိပြီး ဒီအတွက် အပေးအယူသဘောတူညီချက်တွေပြုလုပ်ဖို့လည်း ရုရှားဘက်က လမ်းဖွင့်ထားတယ်လို့ ဖေဖော်ဝါရီလ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က အမေရိကန်နဲ့ ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့အပြီးမှာ ရုရှားအစိုးရကလည်း ခုလိုဖွင့်ဟ ပြောကြားလာခဲ့တာပါ။
ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စ်ကော့ဗ်က ‘အမေရိကန်တွေလိုအပ်နေတာက မြေရှားသတ္တုပါ။ ဒီသတ္တုတွေကရုရှားနိုင်ငံထဲမှာ အများအပြားရှိနေတယ်။ ကျွန်တော်တို့မှာ မဟာဗျူဟာမြောက် အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကိုယ်ပိုင်စီမံချက်တွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ကျယ်ပြန့်တဲ့ အလားအလာရှိနေတယ်” လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ကလည်း အနာဂတ်မှာ ရုရှား-အမေရိကန် စီးပွားရေးသဘောတူညီချက်တစ်ခုအောက်မှာ အစိုးရရော၊ ပုဂ္ဂလိက ကဏ္ဍမှာရော ရုရှားအနေနဲ့ အမေရိကန်စီးပွားဘက်တွေနဲ့ ဖက်စပ်စီမံကိန်းတွေ လုပ်ဆောင်သွားဖို့ လမ်းဖွင့်ထားမှာပါ လို့ ရုပ်မြင်သံကြားမိန့်ခွန်းတစ်ရပ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်က ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ရုရှားနဲ့ အဓိကစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဒီမီထရီပက်စ်ကော့ဗ်က ” နှစ်နိုင်ငံစီးပွားရေးသဘောတူညီချက်တွေ စပြီး မလုပ်ခင် ဆက်ဆံရေးပုံမှန်ဖြစ်စေဖို့ လိုအပ်တာတွေဆောင်ရွက်သွားရမယ်။ လုပ်ငန်းအစီအစဉ်မှာ နောက်တစ်ခုက ယူကရိန်းပဋိပက္ခကို ဖြေရှင်းဖို့ပဲ။ ဒါပြီးရင်တော့ အမေရိကန်တွေက ကျွန်တော်တို့နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ ပြောခဲ့ကြတယ်။ ဒီလိုဖြစ်လာရင်တော့ ခုနက ပြောတဲ့ မြေရှားသတ္တုတွေထုတ်ယူရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြပြီ” လို့ ပြောခဲ့ပါတယ်။
မြေရှားသတ္တုဆိုတာက သတ္တု ၁၇ မျိုးပေါင်းစပ်ပါဝင်တဲ့ သတ္တုအုပ်စုတစ်ခုဖြစ်ပြီး လျှပ်စစ်ကားတွေ၊ ဆဲလ်ဖုန်းတွေ၊ ဒုံးပျံတွေနဲ့ တခြား အီလက်ထရွန်နစ်ပစ္စည်းတွေအတွက် ရွေ့လျားမှုပြုဖို့ စွမ်းအင်ကိုပေးနိုင်တဲ့ သံလိုက်တွေလုပ်ဖို့အသုံးပြုပါတယ်။
ရုရှားနိုင်ငံက တရုတ်၊ ဘရာဇီးလ်၊ အိန္ဒိယနဲ့ ဩစတြေးလျတို့ပြီးရင် ကမ္ဘာပေါ်မှာ မြေရှားသတ္တုသိုက် အရင်းအမြစ်တွေ ပဉ္စမမြောက်အကြီးမားဆုံးတည်ရှိတဲ့ နိုင်ငံဖြစ်တယ်လို့ အမေရိကန်နိုင်ငံရဲ့ ဘူမိဗေဒ လေ့လာဆန်းစစ်ချက်စာရင်းဇယားတွေကဆိုပါတယ်။
အမေရိကန်နဲ့ ယူကရိန်းတို့ကလည်း မြေရှားသတ္တုတွေနဲ့ပတ်သက်လို့ သီးခြားသဘောတူညီချက်တစ်ခုရရှိရေး ဆွေးနွေးနေကြပါတယ်။ ထရန့်ကတော ဒီအပတ်အတွင်း သဘောတူညီချက်ရဖို့ နီးစပ်တယ်လို့ ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်က ဒီဆွေးနွေးပွဲက ရုရှားအတွက် တစ်စုံတစ်ရာစိုးရိမ်စရာမလိုဘူးလို့ ပြောခဲ့ပါတယ်။
Ref- Reuters
