၂၆. ၅. ၂၀၂၅
Written by Nyein Kyaw
ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ အခန်းပေါင်း ၈၇၀ ကျော်အား ဝယ်ယူရန်အတွက် လျှောက်လွှာဝယ်ယူသူ ၃၀,၀၀၀ ကျော်ရှိသည့်အနက် ၂၈,၀၀၀ ကျော်ခန့်က အခန်းဝယ်ယူရန် လျှောက်လွှာပြန်လည်တင်ပြခဲ့ကြောင်း မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့တွင် ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်း အခန်း ၈၇၄ ခန်းအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများ ရောင်းချပေးရန် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၁၃ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
တိုက်ခန်းဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာတစ်စောင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဝယ်ယူပြီး ဖေဖော်ဝါရီလ ၂၅ ရက် နောက်ဆုံးထား ပြန်လည်တင်ပြခဲ့ရခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း စုစုပေါင်းလျှောက်လွှာ ၃၀,၀၀၀ ကျော်ခန့် ရောင်းချခဲ့ရပြီး သတ်မှတ်ကာလတွင် လျှောက်လွှာ ပြန်လည်တင်ပြသူ ၂၈,၀၀၀ ကျော်ခန့် ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

လျှောက်လွှာများကို အိမ်ရာရောင်းချရေးကော်မတီမှ စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် လျှောက်လွှာများကို မဲစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကာ မဲပေါက်သူများကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အကြောင်းကြားစားများ ပေးပို့သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ရောင်းချပေးမည့်တိုက်ခန်းများမှာ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာ၏ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသောတိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများဖြစ်ကြောင်း သိရသည်။
အဆိုပါ ရောင်းချပေးမည့် ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ၏ ဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။
