၂၆.၂.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် ၁၁၈ လမ်းနှင့် ၆၂ လမ်းထောင့်၊ (ဂ)ရပ်ကွက်ရှိ နှစ်ထပ်အဆောက်အအုံ၏ အောက်ထပ်တွင် လျှပ်စစ်ပစ္စည်းများထားသည့်အခန်း၌ ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၄ နာရီ ၃၂ မိနစ်ခန့်က ဂျပ်ဖာပုံးများအနီး ခြင်ဆေးခွေထွန်းအိပ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၇ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး လျှပ်စစ်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများထားရှိသည့် အခန်းမှ တံခါးများ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၆ စီး၊ ရေသယ်ယာဥ် ၂ စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၆၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၄၉ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အသက် ၂၅ နှစ်အရွယ် အမျိုးသားကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ည ၆ နာရီ ၅၀ မိနစ်ခန့်က ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ တောင်ရတနာရပ်ကွက်တွင် အလျားပေ ၁၀၀၊အနံ၂၅ ပေရှိ RC နှစ်ထပ် အပေါ်ထပ် ရွှေမဟာအဆောင်ရှိ အခန်းတစ်ခုတွင် ဖယောင်းတိုင်ထွန်းရာမှ အနီးရှိ ဓာတ်ဆီပုံးပေါ် ဖယောင်းတိုင်လဲကျပြီး မီးလောင်ခဲ့ရာ မျက်နှာကြက်နှင့် ဓာတ်ဆီ ၁ ဂါလံ မီးလောင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အိမ်ငှား အသက် ၁၉ နှစ်အရွယ် အမျိုးသားကို ပြင်ဦးလွင်မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။
