
၂၄.၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိနေတဲ့ ဒုစရိုက်ဂိုဏ်းတွေက ဦးဆောင်လုပ်ကိုင်နေတဲ့ အွန်လိုင်း လိမ်လည်မှုကျားဖြန့်စခန်းတွေကို နိုင်ငံစုံပူးပေါင်းနှိမ်နင်းမှုတစ်ရပ်နဲ့ ဖြိုခွဲနှိမ်နင်းအပြီးမှာတော့ အဲဒီစခန်းတွေက လွတ်မြောက်လာတဲ့ နိုင်ငံခြားသားတွေဟာ နယ်စပ်ဒေသတစ်လျှောက် မရေမရာအခြေအနေတစ်ခုမှာ ရောက်နေကြတယ်လို့ သတင်းအရင်းအမြစ်တွေက ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြောခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က အာဏာပိုင်တွေဟာ နယ်စပ်ဒေသတစ်လျှောက် ကျားဖြန့်စခန်းတွေနဲ့ ဥပဒေနဲ့မညီတဲ့ အွန်လိုင်းလုပ်ငန်းတွေကို နှိမ်နင်းဖို့ကြိုးစားခဲ့ကြပါတယ်။ ဒီလုပ်ငန်းတွေက ဒုစရိုက်ဂိုဏ်းပေါင်းများစွာ ကျက်စားနေတဲ့ အရှေ့တောင်အာရှဒေသအတွင်း ဥပဒေနဲ့မညီလုပ်ငန်းကြီးတွေရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုရမှာပါ။
ထိုင်းနဲ့ကမ္ဘောဒီးယားရဲတပ်ဖွဲ့တွေကလည်း နယ်စပ်မြို့တစ်မြို့မှာ အဆောက်အအုံတစ်ခုကို ဝင်ရောက် စီးနင်းကာ နိုင်ငံခြားသား ၂၁၅ ဦးကို လွတ်မြောက်စေခဲ့တယ်လို့ ထိုင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါ တယ်။
မြန်မာနိုင်ငံတွင်းမှ လက်နက်ကိုင်အဖွဲ့နှစ်ခုဖြစ်တဲ့ ကရင်အမျိုးသားတပ်မတော်(KNA) နဲ့ ဗုဒ္ဓဘာသာ ကရင်ဒီမိုကရက်တစ်တပ်မတော်(DKBA) တို့ဟာအခုဆိုရင် ကျားဖြန့်စခန်းတွေမှာ အလုပ်လုပ်ခဲ့ကြသူ နိုင်ငံခြားသား ၇,၀၀၀ ခန့် ကိုဖမ်းဆီးထားပြီး သူတို့ကို ထိုင်းနိုင်ငံထဲကို ပြန်မပို့နိုင်သေးဘူးလို့ ထိုင်းလုံခြုံရေးအရာရှိတစ်ဦးက ပြောပါတယ်။

ထိုင်းနယ်စပ်မှာရှိတဲ့ အထောက်အပံ့အလုပ်သမားတစ်ဦးက “ဒီလူတွေရဲ့ အခြေအနေက သောင်မတင် ရေမကျနဲ့ မရေမရာဖြစ်နေရတယ် ဆိုရမယ်။ ထိုင်းဘက်ကလည်း တုံ့ပြန်ဆောင်ရွက်မှု အားနည်းတာက သူတို့ကို အန္တရာယ်ဖြစ်စေတာပဲ။ သူတို့အဖို့နောက်တစ်ကြိမ် ထပ်ပြီးလှည့်စားခံနေရတာပဲ” လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုမှုမရှိခဲ့ပါဘူး။ အလားတူပဲ KNA နဲ့ DKBA တို့ကလည်း Reuters ကသူတို့ကို ဖုန်းခေါ်ဆိုမှုတွေကို အကြောင်းမပြန်ခဲ့ပါ ဘူး။
ဖမ်းဆီးခံထားရတဲ့ ကျားဖြန့်အလုပ်သမားဟောင်းတွေမှာ နိုင်ငံစုံက အရေအတွက် ၁၀၀၀ ခန့်ရှိပြီး အများစု တရုတ်နိုင်ငံကဖြစ်တယ်လို့ နယ်စပ်ဒေသရှိ အထောက်အပံ့အလုပ်သမားတွေက ပြောခဲ့ကြပါ တယ်။ သူတို့တွေဟာ ကြောက်မက်ဖွယ်အခြေအနေတွေမှာ ဖမ်းဆီးခံထားကြရပြီး ဒေသခံအာဏာပိုင် တွေက သူတို့မှာ သန့်ရှင်းရေးစနစ်နဲ့အစားအသောက် မလုံလောက်မှုတွေဖြစ်နေမှာကို စိုးရိမ်နေကြပါတယ်။
ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဖွမ်သမ် ဝီချာရာချိုင်းက “တကယ်လို့ ပြည်ပသံရုံးတွေက နယ်စပ်ကိုဖြတ်ကျော်ခဲ့ကြသူတွေကို အိမ်ပြန်မပို့ကြရင် ထိုင်းအစိုးရအနေနဲ့ ဒီထက်ပိုပြီး လက်ခံနိုင်တော့မှာမဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။
လက်ရှိမှာ မရေမရာဖြစ်နေတဲ့ ကျားဖြန့်လုပ်သား ထက်ဝက်ကျော်က အီသီယိုး ပီးယားနိုင်ငံကဖြစ်တယ်လို့သိရပါတယ်။ အီသီယိုးပီးယားက ထိုင်းနိုင်ငံအတွင်း သံရုံးလည်းမရှိပါဘူး။ အရင်အပတ်အတွင်းမှာတော့ ထိုင်းအာဏာပိုင်တွေက တရုတ်နိုင်ငံသား ၆၂၁ ဦးကို လေကြောင်းမှ ပြန်လည်ခေါ်ယူမှုတွေ ခွင့်ပြုခဲ့ပါတယ်။
အွန်လိုင်းလိမ်လည်မှု ကျားဖြန့်စခန်းတွေက ဒေသအတွင်း နှစ်အတန်ကြာ လည်ပတ်နေခဲ့ကြတာပါ။ ဒါပေမယ့် အလုပ်ရဖို့ ကတိတစ်ခုနဲ့ ထိုင်းသို့ လှည့်ဖြားခေါ်ယူကာ မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်စခန်း တစ်ခုကို ပြန်ပေးဆွဲခံရတဲ့ တရုတ်မင်းသား Wang Xing ကို ကယ်ဆယ်ပြီးနောက်မှာတော့ ကျားဖြန့်စ ခန်းတွေနဲ့ပတ်သက်လို့ စိစစ်တင်းကြပ်မှုတွေ လုပ်လာတာပါ။
ဒီနောက် အရှေ့တောင်အာရှနိုင်ငံတွေပေါင်းပြီး ကျားဖြန့်စခန်းတွေကို နိုင်ငံစုံပူးပေါင်းနှိမ်နင်းမှုကိုအရှိန်မြှင့်လာခဲ့တာပါပဲ။
၂၀၂၂ ခုနှစ် မတ်လကစလို့ ထိုင်းနိုင်ငံတစ်နိုင်ငံထဲမှာပဲ ကျားဖြန့်စခန်းတွေမှ လိမ်လည်မှုတွေကြောင့် ဆုံးရှုံးရမှု ထိုင်းဘတ် ၈၀ ဘီလျံ(ဒေါ်လာ ၂ ဒသမ ၃၉ ဘီလျံ) ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့အရာရှိကြီးတစ်ဦးက ဖေဖော်ဝါရီလ ၂၄ ရက်မှာပြောခဲ့ပါတယ်။
Ref -Reuters
