
၂၄.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရက အမေရိကန်အစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ(USAID) မှ အလုပ်သမား ၁,၆၀၀ ကို အလုပ်တာဝန်မှထုတ်ပယ်ပြီး တခြားသူတွေကိုလည်း လစာနဲ့ ခွင့်ရက် အကန့်အသတ်မရှိပေးခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့် USAID မှာအရေးကြီးတဲ့ ဝန်ထမ်းတွေပဲ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
အလုပ်ထုတ်ခံရသည့်ဝန်ထမ်းတစ်ဦးဆီပေးပို့တဲ့အီးမေးလ်မှာ “ဝန်ထမ်းအင်အားလျှော့ချရေးဆောင်ရွက်မှုကြောင့် သင့်ကိုလည်း အလုပ်မှထုတ်ပယ်တယ်လို့ ခုလိုအကြောင်းကြားရတာ စိတ်မကောင်းဖြစ်ရပါတယ်” လို့ ရေးထားတာကို Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီလိုအကြောင်းကြားစာရရှိသူတွေဟာ USAID ဝန်ထမ်းအဖြစ်က ဧပြီလ ၂၄ ရက်မှစပြီးထုတ်ပယ်ခံရမှာဖြစ်တယ်လို့ အီးမေးလ်မှာ ဖော်ပြ ထားပါတယ်။
USAID မှာ ဝန်ထမ်းအဖြစ်ဆက်လက်ကျန်ရှိနေသူတွေက ဌာနအကြီးအကဲတွေနဲ့ အရေးပါတဲ့ဝန်ထမ်း အနည်းငယ်သာဖြစ်တယ်လို့ သိရပါတယ်။
AP သတင်းဌာနက ခွင့်ရက်အပေးခံရတဲ့ USAID အလုပ်သမားတစ်ဦးဆီကို ပေးပို့တဲ့ အကြောင်းကြားစာကို ဖော်ပြခဲ့ရာမှာလည်း အရေးကြီးသောလုပ်ငန်းတွေအတွက်၊ အဓိကကျတဲ့ခေါင်းဆောင်မှုအတွက်နဲ့ ဒါမှမဟုတ် အထူးသတ်မှတ်ထားတဲ့ အစီအစဉ်တွေအတွက် တာဝန်ရှိတယ်လို့ သတ်မှတ်ခံရတဲ့ ပုဂ္ဂိုလ်တွေကလွဲလို့ USAID က တိုက်ရိုက်ငှားရမ်းထားတဲ့ ဝန်ထမ်းအားလုံးကို EST စံတော်ချိန် ၁၁ နာရီ ၅၉
မိနစ်မှစလို့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အကန့်အသတ်မရှိ လစာနဲ့ခွင့်ပေးထားမယ်လို့ ပြောထားတာ တွေ့ရပါတယ်။
Ref- Hindustan times
