
၂၀.၂.၂၀၂၅
Written By Zun
ထိုင်းအမျိုးသမီးတစ်ဦးကိုသတ်ပြီး အလောင်းဖျောက်မှုဖြင့် မြန်မာအမျိုးသားတစ်ဦး အဖမ်းခံရကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်က ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် ထိုင်းအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး လမ်းဘေးချုံတောအတွင်း အလောင်းဖျောက်ထားသည်ဆိုကာ အသက် ၂၃ နှစ်အရွယ် ကိုအောင်ဇင်မျိုး အား ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

အဖမ်းခံရသူအား စစ်ဆေးစဉ် ၎င်းက ထိုင်းအမျိုးသမီးနှင့် ကာရာအိုကေဘား၌ တွေ့ဆုံပြီး လိင်မှုကိစ္စ ဘတ် ၁၅၀၀ ဖြင့် ဈေးညှိကာ ဟိုတယ်တစ်ခုတွင် ပျော်ပါးခဲ့ပြီးနောက် ဆိုင်ကယ်ဖြင့် နှစ်ဦးအတူ ပြန်လာစဉ် အခင်းဖြစ်နေရာသို့ အရောက်မြန်မာအမျိုးသားက ထိုင်းအမျိုးသမီးအား နောက်တစ်ကြိမ်ပျော်ပါးရန် တောင်းဆိုခဲ့ရာ မှ လက်လွန်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။
ယင်းသို့တောင်းဆိုစဉ် ထိုင်းအမျိုးသမီးက ကိုအောင်ဇင်မျိုး၏ ပါးကိုရိုက်သဖြင့် ကိုအောင်ဇင်မျိုးက ထိုင်းအမျိုးသမီး လည်ပင်းကို ပြန်ညှစ်ခဲ့ကြောင်း၊ သတိမေ့သွားသည်ဟု ယူဆကာ အခင်း ဖြစ်နေရာ၌ထားခဲ့ကြောင်း အဆိုပါ မြန်မာနိုင်ငံသားက ထွက်ဆိုထားသည်ဟုလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။

အခင်းဖြစ်နေရာကို ဖြတ်သန်းသွားသည့် ထိုင်းတက္ကစီသမားတစ်ဦးက ဆိုင်ကယ်လဲနေသည်ကို မြင်သောကြောင့် သွားရောက်ကူညီရာ ကိုအောင်ဇင်မျိုးမှာ အရက်မူးပြီး ထိခိုက်ဒဏ်ရာ ရထားသည့်အတွက် အရေးပေါ် ကား ခေါ်ပေးခဲ့ကြောင်း၊ ကယ်ဆယ်ရေးသမားများ ရောက်လာပြီးနောက် ကိုအောင်ဇင်မျိုး၏ ဆိုင်ကယ်သော့ ပျောက်နေသည်ဆိုသဖြင့် အနီးအနားတွင် လိုက်ရှာကြရာ လမ်းဘေးချုံတောထဲက အသက် ၄၄ နှစ်အရွယ် ထိုင်းအမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်အလောင်းကို စစ်ဆေးရာ အင်္ကျီကို အပေါ်သို့ဆွဲတင်ထားပြီး ဘောင်းဘီနှင့် အတွင်းခံများကို အောက်သို့ ဆွဲချွတ်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ယင်းအပြင်ခြေထောက်တွင် သွားဖြင့်ကိုက်ရာ တွေ့ရှိထားပြီး လည်ပင်းတွင် ညှစ်ထားသော ဒဏ်ရာကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ကယ်ဆယ်ရေးအဖွဲ့များက ဘန်ဖောင်းနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ဘန်ဖောင်းရဲစခန်းမှ စစ်ဆေးရေးမှူး ဒုရဲမှူးကြီး Wichai Patayarak ၊ ဘန်ဖောင်ချိုင် အာရီနွန် ရဲစခန်းမှ ရဲမှူးကြီး Yodchai Kaewruang တို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် လူသတ်ကာ အလောင်းဖျောက်သည်ဆိုသော သံသယဖြင့် မြန်မာနိုင်ငံသား ကိုအောင်ဇင်မျိုးအား ဖမ်းဆီးထားပြီး အမှုမှန်အတွက်စစ်ဆေးမည်ဖြစ်ကြောင်း၊ စစ်ဆေးချက်အရ ကျူးလွန်သည်ဟု ပေါ်ပေါက်ပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။
Sources-brighttv
