
၂၀.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်က လက်ရှိဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ယူကရိန်းနိုင်ငံ ပဋိပက္ခတွေအကြောင်း ပြောကြားရင်း တတိယကမ္ဘာစစ်ကြီးဖြစ်ပွားဖို့ မဝေးတော့ဘူးလို့ သတိပေးခဲ့ပါတယ်။
ဒါပေမယ့် ထရန့်က သူ့ရဲ့ သမ္မတသက်တမ်းအတွင်းမှာတော့ တတိယကမ္ဘာစစ် ဖြစ်မလာရအောင် အထူးကာကွယ် တားဆီးသွားမယ်လို့လည်း အလေးထား ပြောကြားခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံက အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းဖြစ်တဲ့ Future Investment Initiative Institute ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်က ကျင်းပတဲ့ ဦးစားပေးထိပ်သီးဆွေးနွေးပွဲမှာ ထရန့်က သူ့အနေနဲ့ ကမ္ဘာတစ်ဝန်း ဖြစ်နေတဲ့ စစ်ပွဲတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးအမြန်ရဖို့ အမြန်ဆုံးဆောင်ရွက်နေကြောင်းနဲ့ လူတိုင်းလို ဂျိုးဘိုင်ဒန်အစိုးရအလိုကျ စစ်ပွဲတွေကြောင့် အသတ်ခံနေရတာ မမြင်ချင်တော့ဘူးလို့ပြောခဲ့ပါတယ်။
မီယာမီမှာ ကျင်းပတဲ့ အဲဒီအစည်းအဝေးမှာ ထရန့်က “ကျွန်တော် စစ်ပွဲတွေ၊ လူတွေ အသတ်ခံနေရတာတွေ မမြင်ချင်တော့ဘူး။ ငြိမ်းချမ်းရေးကို အမြန်ဆုံးပြန်ထိန်းသိမ်းနိုင်ဖို့ကြိုးစားနေတယ်”လို့ ပြောခဲ့ပါတယ်။
“အရှေ့အလယ်ပိုင်းဒေသမှာရော၊ ရုရှားနဲ့ယူကရိန်းမှာရော သေဆုံးမှုတွေကာ ဆက်ဖြစ်နေတုံးပဲ။ ကျွန် တော်တို့ ဒီလိုသေဆုံးမှုတွေကို အဆုံးသတ်ဖို့ဆောင်ရွက်ကြရမယ်။ တတိယကမ္ဘာစစ်ကြီးဖြစ်လာလို့လည်း ဘယ်သူ့မှာမှ အကျိုးအမြတ်ရမှာမဟုတ်ဘူး။ ဒါပေမယ့် ဒီစစ်ကြီးက ကျွန်တော်တို့နဲ့ သိပ်မဝေးတော့ဘူး ဖြစ်နေတယ်။ ဒီမှာ ထပ်ပြောပါရစေ။ တတိယကမ္ဘာစစ်ကြီးက ကျွန်တော်တို့နဲ့ သိပ်မဝေးတော့ဘူး ဖြစ်နေတယ်။ ခင်ဗျားတို့ ဂျိုးဘိုင်ဒန်အစိုးရကိုသာ နောက်တစ်နှစ်ထပ်ရရင် အခုအချိန်မှာ တတိယကမ္ဘာစစ်ကြီးထဲ ရောက်နေကြပြီ” လို့ လည်း ထရန့်က ဆက်ပြောခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရန့် က ယူကရိန်းစစ်ပွဲနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားကြားဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က အိမ်ရှင်အဖြစ်ကျင်းပပေးခဲ့လို့ ဆော်ဒီအာရေဗျနိုင်ငံကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပြီး ဒီဆွေးနွေးပွဲက စစ်ပွဲရပ်ဆိုင်းရေးအတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
သူက ယူကရိန်းသမ္မတ ဇယ်လန်စကီးကိုတော့ ‘ရိုးရိုးကုပ်ကုပ်လေးနဲ့ အောင်မြင်မှုရတဲ့လူရွှင်တော်’ ဖြစ်ခဲ့ပေမယ့် ‘ရွေးကောက်ပွဲတွေကျင်းပမပေးတဲ့ အာဏာရှင်တစ်ယောက်’ အဖြစ် ရှုတ်ချ သွားခဲ့ပါတယ်။ ဒါက အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာ ရုရှားဘက်ကို မျက်နှာသာပေးတဲ့ ရပ်တည်ချက်ကို ပြောင်းလဲလာပြီဆိုတာ ပြလိုက်တာပါပဲ။ ဒါက ဒေါ်နယ်ထရန့်နဲ့ ဇယ်လန်စကီးတို့ လူမှုကွန်ရက်မှာ စကားနိုင်လုပြောကြအပြီး နာရီပိုင်းအကြာမှာ ထရန့်က ခုလိုပြောခဲ့တာပါ။
ဒီအတောအတွင်းမှာပဲ ထရန့်က ဇယ်လန်စကီးကို ဆော်ဒီအာရေဗျ ဆွေးနွေးပွဲကို မဖိတ်ကြားရမှုအပေါ် ကာကွယ်ပြောခဲ့ပေမယ့် ကျွန်တော်် ယူကရိန်းကို ချစ်ပါတယ်။ ဒါပေမယ့် ဇယ်လန်စကီးက ကြောက်စရာကောင်းတဲ့ ဆောင်ရွက်မှုကိုလုပ်ခဲ့တယ်။ သူ့နိုင်ငံက စိစိမွမွကြေပြီး သန်းပေါင်းများစွာသောပြည်သူတွေမှာ မသေသင့်ဘဲသေကြရတယ်။ စစ်ပွဲငြိမ်းချမ်းဖို့ နှစ်ဖက်စလုံးနဲ့ မပြောဘဲ မဖြစ်နိုင်ဘူး” လို့ပြောသွားခဲ့ပါတယ်။
ထရန့်က ဒါကြောင့် သိပ်မကြာခင် အပစ်အခတ်ရပ်ဆိုင်းရေးရပြီး ဥရောပနဲ့အရှေ့အလယ်ပိုင်းမှာ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထူထောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
Ref- NDTV
