
၂၀.၂.၂၀၂၅
Written By Zun
“ရိုစီ” ဟု တက်တူးရေးထိုးထားသည့် အောက်ပိုင်းအဝတ်ဗလာဖြင့် ပုပ်ပွသေဆုံးနေသော အမျိုးသမီးရုပ်အ လောင်းကို ရေမြောင်းအတွင်းမှ တွေ့ရှိမှု မန္တလေးမြို့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်း၊ ၄၃ လမ်းနှင့် ၁၀၁ (သိပ္ပံ) လမ်းကြားရှိ လမ်းဘေး ရေမြောင်းအတွင်း ဖေဖော်ဝါရီ ၁၉ ရက် ၊ ညနေ (၃)နာရီခန့်အချိန်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ အသက်(၃၅)နှစ်ခန့်ရှိသည့် အမျိုးသမီးဖြစ်ပြီး ပုပ်ပွနေသောကြောင့် ရုပ်ပျက်နေပြီ ဖြစ်သည့်အတွက် မည်သူမည်ဝါ ခွဲခြားရန်ခက်ခဲကြောင်း၊သို့သော်လည်း သေဆုံးသူအမျိုးသမီး၏ လက်ယာဘက် လက်တွင် “ရိုစီ” ဟု တက်တူးရေးထိုးထားသည်ကို တွေ့ရကြောင်းလည်း သိရသည်။

ရေမြောင်းအတွင်းသေဆုံးနေသည့် အမျိုးသမီး၏ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် ဘရာစီယာအမဲကို ဝတ်ဆင်ထားပြီး အောက်ပိုင်းတွင် အဝတ်အစားမဲ့ဖြင့် မြောင်းရေပေါ်တွင် မှောက်လျက်အနေအထား ပေါလောပေါ်နေကြောင်း၊ ယင်းမှာ တစ်နေရာတွင် သတ်ပြီးမှ ရေမြောင်းထဲသို့ လာပစ်ထားသည့်ပုံစံ ဖြစ်နိုင်ကြောင်း သုံးသပ်နေကြသည်။
သေဆုံးသူ၏ရုပ်အလောင်းကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။
