၂၀. ၂. ၂၀၂၅
Translated by Thettant
သီရိလင်္ကာနိုင်ငံမှာ ခရီးသည်တင်ရထားတစ်စင်းဟာ ဒီကြာသပတေးနေ့နံနက်က ရထားလမ်းကိုဖြတ်ကူးတဲ့ ဆင်အုပ်တစ်အုပ်ကို ဝင်တိုက်ပြီးနောက် ရထားက လမ်းချော်သွားခဲ့ရာမှာ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှုမရှိပေမဲ့ အဆိုးရွားဆုံး တောရိုင်းတိရစ္ဆာန်မတော်တဆမှုအဖြစ် ဆင်ခြောက်ကောင် သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ပါတယ်။
ရထားဟာ မြို့တော်ကိုလံဘိုရဲ့ အရှေ့ဘက် ကီလိုမီတာ ၁၈၀ (မိုင် ၁၁၀) ခန့်အကွာ ဆင်စီးခြင်းဓလေ့နဲ့ နာမည်ကျော်တဲ့ ဟာဗာရနာမြို့က တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအနီးမှာ မောင်းနှင်လာချိန် မိုးမလင်းမီ ရထားလမ်းဖြတ်ကူးတဲ့ ဆင်တွေကို အမှောင်ထဲ ဝင်တိုက်မိခဲ့တာပါ။

“ရထားလမ်းချော်သွားပေမယ့် ခရီးသည်တွေ ထိခိုက်သေဆုံးမှု မရှိခဲ့ဘူး” လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့သလို ရထားတိုက်မှုမှာ အသက်ရှင်ကျန်ရစ်တဲ့ ဆင်နှစ်ကောင်ကိုလည်း တောရိုင်းတိရစ္ဆာန်ဆိုင်ရာ တာဝန်ရှိသူတွေက ကုသပေးနေတယ်လို့ ပြောခဲ့ပါတယ်။
မတော်တဆမှုဖြစ်အပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ ဆင်မိခင်တစ်ကောင်ဟာ သံလမ်းဘေးမှာ သေဆုံးနေတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို စောင့်ကြပ်နေပြီး သူကိုယ်တိုင်လည်း မထနိုင်တဲ့ ဒဏ်ရာတွေနဲ့ သနားစဖွယ်ရှိနေတာကို မြင်ခဲ့ရပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ သီရိလင်္ကာနိုင်ငံမှာ တောရိုင်းဆင် ၇၀၀၀ ခန့်ရှိမယ်လို့ ခန့်မှန်ထားပြီး ဆင်တွေကို သတ်ဖြတ်တာ၊ အန္တရာယ်ပြုတာကို ဥပဒေနဲ့ တားမြစ်ထားသလို ရန်ပြုသတ်ဖြတ်မှုကို ငွေဒဏ်၊ ထောင်ဒဏ် ချမှတ်ကြပြီး ဆင်ကို နိုင်ငံတော်ရတနာအဖြစ်လည်း သတ်မှတ်ထားတာပါ။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာကလည်း အလားတူရထားတိုက်မှုဖြစ်စဥ်အဖြစ် ဆင်ပေါက်လေးနှစ်ကောင်နဲ့ ကိုယ်ဝန်ဆောင်ဆင်မိခင် သေဆုံးခဲ့ပြီးချိန်ကစ ဆင်တွေ လမ်းဖြတ်ကူးတဲ့နေရာတွေကို ဖြတ်သန်းသွားလာချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ အာဏာပိုင်တွေက ရထားမောင်းသူတွေကို အမြန်နှုန်းကန့်သတ်ချက်နဲ့ ညွှန်ကြားခဲ့ပါသေးတယ်။ တိရိစ္ဆာန်တွေရဲ့ နေထိုင်ရာနေရာကို လူတွေက ပိုတိုးပြီး ကျူးကျော်လာတဲ့အတွက် လူနဲ့ ဆင်တွေကြား ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်ကြောင်း အာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုပြီးနောက် ဆင်အစုလိုက်အပြုံ လိုက်သေဆုံးမှုဟာ ရက်ပိုင်းအတွင်း ဖြစ်လာခဲ့တာပါ။
ဆင်တွေကလည်း လယ်ကွင်းတွေအတွင်းက လယ်သမားတွေကို ရန်ပြုတိုက်ခိုက်မှုလည်း သီရိလင်္ကာမှာ ဖြစ်ပွားနေသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာဆို ဆင်နဲ့ လူ အပြန်အလှန်ရန်ပြုကြမှုမှာ လူ ၁၅၀ နဲ့ ဆင်အကောင်ရေ ၄၅၀ သေဆုံးခဲ့ရပြီး ၂၀၂၂ ခုနှစ်က လူ ၁၄၅ ယောက်နဲ့ ဆင် ၄၃၃ ကောင် သေတာထက် တိုးလာတဲ့ အခြေအနေမို့လို့ နှစ်နစ်တာအတွင်း သေဆုံးမှုဟာ နိုင်ငံမှာရှိတဲ့ ဆင်အရေအတွက်ရဲ့ ဆယ်ပုံတစ်ပုံကျော်နေတဲ့ ပြဿနာကို အဖြေရှာနိုင်ဖို့လည်း အာဏာပိုင်တွေ ကြိုးပမ်းနေကြောင်းလည်း သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနက ဒုတိယဝန်ကြီး အန်တန်ဂျရာကိုဒီက ပြောခဲ့ပါတယ်။
Ref,AFP

