ပုံစာ။ AAC ကို ထိုင်းအာဏာပိုင်များ ယနေ့ချိပ်ပိတ်မှု၊ (Photo - Ye Min & Hla Khaing)
၂၀. ၂. ၂၀၂၅
Written by Nay Moe
KNU/ KNLA နဲ့ PDF အပါအဝင် လက်နက်ကိုင်တွေကို ဆက်နွှယ်ထောက်ပို့လုပ်နေတဲ့ ကိုရဲမင်း ဦးဆောင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးလှုပ်ရှားတဲ့ AAC (Aid Alliance Committee) ကို ဖေဖော်ဝါရီ ၁၈ ရက်ကစ ပိတ်သိမ်းဖို့ ထိုင်းအစိုးရက ညွှန်ကြားခဲ့အပြီး ဒီနေ့မှာတော့ အမှန်တကယ် ချိပ်ပိတ်လိုက်ပြီဖြစ်ပါတယ်။



ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားအရေးလုပ်ဆောင်တဲ့ အလုပ်သမားအဖွဲ့တွေအပါအဝင် ပရဟိတကူညီရေးအဖွဲ့ ဆယ်နဲ့ချီရှိနေပေမဲ့ ထိုင်းအစိုးရက စိစစ်ပိတ်သိမ်းခိုင်းရာမှာတော့ ကိုယ်တိုင်လည်း လက်နက်ကိုင်ထားသလို NUG,PDF နဲ့ KNU/KNLA ကို ဆက်နွှယ်နေတဲ့ AAC စင်တာတစ်ခုကိုပဲ တရားမဝင်တာ၊ ခွင့်ပြုချက်မရှိ ဆောက်ထားတာ၊ PDF တွေအပါအဝင် လူရာချီစုဝေးနေတာကြောင့် ဖေဖော်ဝါရီ ၁၈ ရက်က လာရောက်စစ်ဆေးအပြီးမှာ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ ဆက်နွှယ် ပိတ်သိမ်းခိုင်းတဲ့အခြေအနေဖြစ်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူတစ်ဦးက ပြောတဲ့အကြောင်း MT News က မနေ့ကမနက်ပိုင်း သတင်းဖော်ပြခဲ့အပြီး ဒီနေ့မှာပဲ AAC ရုံးကို ထိုင်းအာဏာပိုင်တွေက ချိပ်ပိတ်လိုက်တာပါ။


AAC ကိုရဲမင်းဟာ KTNA ရဲ့ ဆင်ဖြူစစ်ကြောင်းမှူး ဗိုလ်စလုံးနဲ့ သတ်ဖို့ဖြတ်ဖို့အထိ ရောက်ခဲ့တဲ့ စကားစစ်ထိုးပွဲတွေ၊ CDM ဗိုလ်မှူးဟိန်းသော်ဦးကို သတ်ဖြတ်တယ်လို့ ပြောဆိုခံရမှုတွေနဲ့ AAC ရုံးမှာ PDF တွေနဲ့ ထောက်ပို့တွေကို လူ ၁၀၀ လောက်အထိ လက်ခံထားတာကလည်း ထိုင်းအာဏာပိုင်တွေ မျက်စိစပါးမွှေးစူးစေတဲ့လုပ်ရပ်ဖြစ်ခဲ့တာလို့ ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြပြီး ဒီဖြစ်ရပ်အပေါ် “ထိုင်းရောက်မြန်မာလုပ်သားများ ဒုတိယမိခင်သဖွယ် ခိုလှုံခွင့်ပြုထားသော AAC- ဂေဟာကို ထိုင်းအာဏာပိုင်များက အပြီးပိတ်သိမ်းပေးရန် လာရောက်အကြောင်းကြားစာများပေးပို့ပြီး AAC- ဂေဟာကိုဆက်လက်အသုံးပြုပါက ထိုင်းဥပဒေနှင့်အညီအရေးယူသွားဖြစ်ဖြစ်ကြောင်း သက်ဆိုင်ရာနယ်မြေအုပ်ချုပ်ရေးမှူးမှ ဒီကနေ့လာရောက်အသိပေးစာပါအတိုင်း ဥပဒေနှင့်အညီလာရောက်တားမြစ်သွားပါကြောင်း AAC- ဂေဟာကိုကူညီထောက်ပံ့ပေးသူအလှူရှင်များကို အထူးအသိပေးလိုက်ရပါတယ်”လို့ AAC-မဟာမိတ်အဖွဲ့ကဒါရိုက်တာ ဦးခိုင်ကြီးက ဆိုပါတယ်။



AAC ရုံးဟာ ထိုင်းနိုင်ငံ Samutsakhon ခရိုင်အတွင်း ထာ့စိုင်မူ(6)အိမ်အမှတ် 92/6 တည်ရှိရာ မြေအတွင်း မြေအငှားစာချုပ်နဲ့ (9)နှစ်ကျော် တည်ရှိခဲ့တာဖြစ်ပြီး ဒီနေ့ ချိပ်ပိတ်မှုကို ဖောက်ဖျက်မယ်ဆို တရားစွဲဆိုခံရပြီး အမြင့်ဆုံးထောင်သုံးလချတာ၊ ဘတ် ၆၀၀၀၀ အထိ ဒဏ်ရိုက်တာအပြင် တရားခွင်ကာလမှာ နေ့စဥ် ဘတ် ၁၀၀၀၀ ဒဏ်ရိုက်မယ်လို့ပါ ထိုင်းအာဏာပိုင်တွေက သတိပေးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ။ AAC ကို ထိုင်းအာဏာပိုင်များ ယနေ့ချိပ်ပိတ်မှု၊ AAC ဦးဆောင်သူ Ye Min အကောင့်တွင် တင်ထားသည့် လက်နက်ကိုင်ဆောင်လှုပ်ရှားမှုနှင့် ထောက်ပို့ပုံရိပ်အချို့ (Photo – Ye Min & Hla Khaing)
