
၂၀.၂.၂၀၂၅.
Translated by Htwe Ko Tun
ဘရာဇီးလ်နိုင်ငံတွင် ဗြိတိသျှသတင်းစာဆရာတစ်ဦးပျောက်ဆုံးနေသည်မှာ ဆယ်ရက်ကျော်ရှိသွားပြီဖြစ်ကြောင်း ပြည်ပသတင်းစာဆရာများအသင်းက ဖေဖော်ဝါရီလ ၁၈ ရက်က ကြေညာခဲ့ပြီး အာဏာပိုင်များအနေနှင့် ရှာဖွေရေးလုပ်ငန်းအတွက် အားထုတ်မှုများကိုမြှင့်တင်ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
အသက် ၃၂ နှစ်ရှိ ချာလော့တီ အလိုက်စ်ပီတီ အမည်ရှိ အဆိုပါ အမျိုးသမီးသတင်းထောက်က ဆော့ပေါ် လိုမြို့ သို့ ခရီးတစ်ခုသွားအပြီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရီအိုဒီဂျနေးရိုးမြို့အခြေစိုက် ပြည်ပသတင်းစာဆရာများအသင်းက ကြေညာခဲ့သည်။
ထိုအသင်းက ချာလော့တီမှာ ဖေဖော်ဝါရီလ ၈ ရက်တွင် ဆော့ပေါ် လိုမြို့ရှိ သူငယ်ချင်းတစ်ဦးနှင့်ဆက်သွယ်၍ ၎င်း၏ ခရီးအတွက် စီစဉ်ထားမှုများကို ပြောပြခဲ့ပြီး နေထိုင်ရန်နေရာတစ်ခု ရှာခဲ့သည်ဟု သိရသည်။ သို့သော် သူငယ်ချင်းဖြစ်သူမိန်းကလေးက ၎င်းမှာ ချာလော့တီကို ဧည့်ခံကြိုဆိုမှုမပြုနိုင်၍ ဝမ်းနည်းပါကြောင်း ပြောခဲ့သည်ဟုဆိုသည်။
ရက်အနည်းငယ်အကြာတွင်မူ ဗြိတိန်ရှိ ချာလော့တီ၏မိသားစုက ဆော့ပေါ် လိုမြို့ရှိ သူငယ်ချင်းက ၎င်းမှာ ချာလော့တီနှင့်ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်းဆက်သွယ်ပြောကြားလာသည်ဟု ဘရာဇီးလ်နိုင်ငံရှိ ပြည်ပသတင်းစာဆရာများအသင်းသို့ အကြောင်းကြားလာခဲ့သကြောင်း ထိုအသင်းက ပြောခဲ့သည်။
ချာလော့တီမှာ ဘရာဇီးလ်နိုင်ငံတွင် အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် ဗြိတိန်သတင်းစာစောင်များအတွက် အလွတ်ရေးသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။
ဘရာဇီးလ်နိုင်ငံ၊ ပြည်ပသတင်းစာဆရာများအသင်းက ရဲတပ်ဖွဲ့က ချာလော့တီကို နောက်ဆုံးတွေ့ခဲ့ရသောနေရာများအပေါ် အခြေခံ၍ ထိုအမှုကို ကိုင်တွယ်စုံစမ်းနေကြောင်း၊ ၎င်း၏မိသားစုကလည်း ချာလော့တီ၏ ဘရာဇီးလ်နိုင်ငံသို့ လာရောက်ခဲ့သည့် လေယာဉ်ခရီးစဉ်နှင့်ပတ်သက်၍ အချက်အလက်များကို အာဏာပိုင်များသို့ပေးပို့ခဲ့ကြောင်း၊ နိုင်ငံကူးလက်မှတ်နံပါတ်တို့လည်း ပါဝင်ကြောင်း ပြောခဲ့သည်။
ဆော့ပေါ် လိုမြို့ ပြည်သူ့လုံခြုံရေးရုံးက ထိုအမှုကိုအတည်ပြုခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကြေညာခဲ့သည်။
Ref- Reuters