၂၀.၂.၂၀၂၅
Written by Hey Mar
လည်ပင်းလှီးဖြတ်ခံထားရတဲ့ဒဏ်ရာနဲ့ လဲကျနေတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို လူမှုကူညီရေးအသင်းက လူနာရှင်ပြုလုပ်ပြီး ဆေးရုံတင်ပို့ပေးထားရတဲ့ဖြစ်စဉ် မနေ့က ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၂ နာရီခန့်အချိန် ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ယမုံနာ(၁)ရပ်ကွက် ဘုန်းကြီးကျောင်းရှေ့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အမျိုးသားအနီးမှာ လူမှုဖူလုံရေးကတ်တစ်ခုသာတွေ့ရပြီး၊ အမည် ချစ်သဲညီညီအောင်၊ ၂၀၀၁ ခုနှစ်ဖွား၊ မြန်မာ့မီးရထားဆိုတာကိုသာ သိရတယ်လို့ မြေပြင်အကူအညီပေးခဲ့တဲ့ အောင်ရဲသူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
အောင်ရဲသူ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဒဏ်ရာက များတယ်။ ကျွန်တော်တို့ လမ်းမှာလည်း သွေးအထွက်နည်းအောင် ကြိုစားပြီး ပြုစုပေးခဲ့တယ်။ ဒါ ပထမဆုံး လည်ပင်းပြတ်ရှ လူနာရဲ့အသက်ကို အချိန်မီကယ်နိုင်ခဲ့တာပါပဲ။ လူနာ Operation ဝင်ပြီး လူနာအခြေနေစိတ်ချရတဲ့အထိစောင့်ဆိုင်းပေးပြီးမှ ပြန်လာခဲ့တာပါ။ မနေ့က ည ဆယ်နာရီလောက်က တစ်ချက်သွားပြန်ကြည့်တော့ သတိမရသေးပေမယ့် အိပ်တာဟောက်တောင်နေတယ်။ မိသားစု အခုထိ ဆက်သွယ်လို့မရသေးတော့ ကျွန်တော်တို့အသင်းကပဲ လူနာရှင်အဖြစ်ကူညီပေးနေပါတယ်” လို့ MT News ကို ပြောပါတယ်။

လက်ရှိမှာတော့ ရဲတပ်ဖွဲ့က မိသားစုထံ ဆက်သွယ်မှုတွေလုပ်ဆောင်နေတယ်လို့ သိရှိရပြီး အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးတာတွေလည်းလုပ်ဆောင်နေကာ အနီးအနား နေထိုင်သူတချို့ကိုလည်း လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတချို့ ဆောင် ရွက်နေကြောင်းလည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူထံကနေ သိရပါတယ်။
