◾ ပေါ့ဆမီးဖြစ်၍ ရမည်းသင်း-မန္တလေးကားဂိတ် ဂိတ်မှူးအား အမှုဖွင့်
၂၀.၂.၂၀၂၅
Written By Zun
ယနေ့နံနက်က မိန်းခုံရှော့ခ်ဖြစ်လောင်ကျွမ်းခဲ့သည့် မန္တလေးမီးလောင်မှုကြောင့် နေအိမ် (၆) လုံးနှင့် မီနီအိုးဝေ (၁) စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် ၃ နာရီ ၅၀ မိနစ်ခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၈၆(ဘီ)လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားတွင် မိန်းခုံရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် နေအိမ် (၆) လုံးနှင့် မီနီအိုးဝေ (၁)စီး ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
“အဲဒီနေရာက ရမည်းသင်း-မန္တလေးကားဂိတ်အနေနဲ့ ငှားပြီး ဖွင့်ထားတဲ့နေရာပါ။ မိန်းခုံရှော့ခ်ဖြစ်ပြီးတော့ အောက်မှာရှိတဲ့ ရေခဲပုံး(ဖော့ပုံး)ပေါ်ကို မီးပွားကျပြီးတော့ မီးကူးလောင်တာ”ဟု မီးသတ်ဦးစီးဌာနတာဝန်ရှိသူက ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် (၂၄×၃၀) ပေ၊ ပျဉ်ထောင်၊ နံကပ် (၂)ထပ် နေအိမ် (၁) လုံး၊ (၂၄×၃၀) ပေ၊ ပျဉ်ထောင်၊ နံကပ်(၂)ထပ် နေ အိမ် (၁) လုံး၊ (၁၂×၃၀) ပေ၊ ထရံကာ၊ နံကပ် (၂) ထပ် နေအိမ်အပေါ်ထပ်၊ (၁၂×၃၀) ပေ၊ ထရံကာ၊ သွပ်မိုး(၂)ထပ်၊ နေအိမ် (၁)လုံး၊ (၁၂×၁၂) ပေ၊ ပျဉ်ထောင်၊ နံကပ်(၂)ထပ် နေအိမ်အပေါ်ထပ်၊ (၂၀× ၄၀)ပေ၊ ပျဉ်ထောင်၊ နံကပ်(၂)ထပ် နေအိမ်အပေါ် ထပ်တို့အပါအဝင် မီအိုးဝေအဝါရောင် (၁) စီးတို့ မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။



မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ပြည်ကြီးပျော်ဘွယ်အရှေ့အရန်မီးသတ်စခန်း၊ ကဉ္စမဟီအရန် မီးသတ်စခန်း ၊ စိတ္တရမဟီအရန်မီးသတ်စခန်း၊ အောင်နန်း- အနောက်အရန်မီးသတ်စခန်း၊ အောင်နန်း-အရှေ့အရန်မီးသတ်စခန်း၊ သီရိဟေမာအရှေ့အရန်မီးသတ်စခန်း၊ သီရိဟေမာ အနောက်အရန် မီးသတ်စခန်း၊ အောင်မြေသာစံမြို့နယ်မီးသတ်စခန်း၊ မဟာအောင်မြေမြို့နယ်မီးသတ်စခန်း၊ ပြည်ကြီးပျော်ဘွယ် အနောက် အရန်မီးသတ်စခန်း၊ သီရိမာလာအနောက်အရန်မီးသတ်စခန်း၊ သီရိမာလာအရှေ့ အရန်မီးသတ်စ ခန်းတို့မှ မီးသတ်ဝန်ထမ်းများ၊ မီးသတ်ယာဉ်များဖြင့် နာရီဝက်ကျော်ကြာ ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ပေါ့ဆမီးဖြစ်သောကြောင့် ရမည်းသင်း-မန္တလေးကားဂိတ် ဂိတ်မှူးအား ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) နယ်မြေ ရဲစခန်းတွင် (ပ-၁၉/၂၀၂၅) ပုဒ်မ(၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
