၂၀.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့်က ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်စကီးကို ရွေးကောက်ပွဲတွေလည်းဆောင်ရွက်မပေးတဲ့ အာဏာရှင်တစ်ဦးအနေနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်က ရှုတ်ချပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် ထရန့်က ဇယ်လန်စကီးအနေနဲ့ စစ်ပွဲပြီးဆုံးလို့ ငြိမ်းချမ်းမှုရရေးကိုသာ အမြန်ဆောင်ရွက်သင့်တယ်လို့သတိပေးခဲ့ပြီး ယူကရိန်းပြည်သူတို့ရဲ့ သူတို့သမ္မတအပေါ် ယုံကြည်ကိုးစားမှုက ၄ ရာခိုင်နှုန်းသာ ရှိတော့တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့ပြင် ဖလော်ရီဒါပြည်နယ် ရင်းနှီးမြှုပ်နှံမှုအစည်းအဝေးတစ်ရပ်မှာလည်း ထရန့်က ဇယ်လန်စကီးက ဂျိုးဘိုင်ဒန်ရဲ့ ကလိမ်ကျကွက်ထဲ ပါဝင်ကစားခဲ့တာမှာတော့ အင်မတန် ကောင်းပါပေတယ်လို့ ပြောခဲ့ပါတယ်။ ဆက်လက်ပြီးထရန့်က ဇယ်လန်စကီးက ရွေးကောက်ပွဲတွေလုပ်ပေးဖို့လည်း ငြင်းခဲ့တယ်။ ယူကရိန်းပြည်သူတွေက သူ့အပေါ် အမှန်တကယ်ထောက်ခံမှုက အရမ်းနိမ့်ကျနေပြီလို့ ဆိုခဲ့ပါသေးတယ်။
ဇယ်လန်စကီးရဲ့ ငါးနှစ်ကြာသမ္မတသက်တမ်းက ၂၀၂၄ ခုနှစ် မေလက ပြည့်မြောက်ခဲ့ပါပြီ။ ဒါပေမယ့် ဇယ်လန်စကီးက ယူကရိန်းကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်နေတာဖြစ်ပြီး ရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းခဲ့ပါတယ်။
ဇယ်လန်စကီးက ထရန့်ကိုတုံ့ပြန်တဲ့အနေနဲ့ “အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ လက်ရှိမှာ ရုရှားတို့ရဲ့ သတင်းမှား လေပူဖောင်းထဲပိတ်မိနေတယ်လို့ ဆိုချင်တယ်။ ဒီသတင်းမှားတွေက ရုရှားကလာတာပဲ။ ကီးအက်ဗ်မြို့ လူမှုဗေဒတက္ကသိုလ်က ဖေဖော်ဝါရီ လဆန်းမှာ ဆန္ဒမဲလေ့လာချက်တစ်ခုအရ ယူကရိန်း ပြည်သူ ၅၇ ရာခိုင်နှုန်းက သူတို့သမ္မတကို ယုံကြည်ကိုးစားကြတာ တွေ့ရမှာပါ။ အမေရိကန်အနေနဲ့ ပူတင်ကို ရုရှားအနေနဲ့ အထီးကျန်နေခဲ့ရတဲ့အခြေအနေကလွတ်မြောက်ဖို့ အကူ အညီပေးနေတာပဲ” လို့ ပြောခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းရဲ့ အဓိကစစ်လက်နက်ပစ္စည်းထောက်ပံ့သူ အမေရိကန်နိုင်ငံရဲ့သမ္မတ ဒေါ်နယ်ထရန့်နဲ့ ယူကရိန်းသမ္မတ ဇယ်လန်စကီးတို့အကြား စိတ်ဝမ်းကွဲမသင့်မမြတ်ဖြစ်မှုက ပိုမိုပြီး သိသာထင်ရှားလာကာ အံ့အားသင့်စရာဖြစ်လာခဲ့ပါတယ်။
Ref- bbc
