
၁၉.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ဂျပန်စားသောက်ဆိုင်သို့ ဆိုင်ပိတ်ပြီးချိန်မှ လူ ၆ ဦးရောက်လာကာ ဆိုင်ဝန်ထမ်းတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားသည့်ဖြစ်စဥ်မှ ကျူးလွန်သူ ၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ ကနဦး သိရသည်။
ထို လူ ၆ ဦး၏ သတ်ဖြတ်မှု ခံရသောကြောင့် သေဆုံးခဲ့သူမှာ ဦးချစ်မောင် လမ်းမပေါ်မှ Japanese Restaurant စားသောက်ဆိုင်ဝန်ထမ်းဖြစ်သည့် အသက်(၃၃)နှစ်အရွယ် စားဖိုမှူးကိုအောင်ဇော်ထက် ဖြစ်ပြီး ယင်း၏ ဇနီးဖြစ်သူက ဗဟန်းမြို့မရဲစခန်းတွင် တိုင်တန်းအမှုဖွင့်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းကြရာ အောင်ဇော်ထက်အား သတ်ဖြတ် ရှောင်တိမ်းသွားခဲ့သည့် ကျူးလွန်သူ ၆ ဦးကို သက်သေခံဓား ၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်မှုကျူးလွန်သူများမှာ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်း၊ ငါးထပ်ကြီး အနောက်ရပ်ကွက်တွင် ဖွင့် လှစ်ထားသည့် ဂျပန်စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းများဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ဦးချစ်မောင်လမ်း၊ အမှတ်(၁၃၆) တွင်ဖွင့် လှစ်ထားသော Japanese Restaurant သို့ ဆိုင်ပိတ်နေသည့် ဖေဖော်ဝါရီလ ၁၇ ရက် ည သန်းခေါင်ကျော်၊ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် တစ်နာရီခွဲခန့်အချိန် အမျိုးသား ၆ ဦးရောက်ရှိလာပြီးတံခါးခေါက်သဖြင့် အောင်ဇော်ထက်နှင့်အတူ ၃ ဦးမှဆိုင်အပြင်ထွက်မေးမြန်းစဉ် အဆိုပါ ၆ ဦးထဲမှ ဘောင်းဘီတို၊ အနက်ရောင် စွပ်ကျယ်ဝတ်ထားသူက အောင်ဇော်ထက်အား ဓားဖြင့်ထိုးခဲ့၍ ထွက်ပြေးသွားကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။
ယင်းကြောင့် ကိုအောင်ဇော်ထက်တွင် ဝမ်းဗိုက်ချက်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်(အူထွက်)၊ ယာခါးနောက် ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် ပက်လက်လန်လဲကျ သေဆုံးသွားခဲ့ရသည်။