◾️ အခန်းဝယ်ယူခွင့် လျှောက်လွှာများ လာရောက်ဝယ်ယူသူ များပြားလျက်ရှိ
၁၉. ၂. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများအား ငွေလက်ငင်းအကြေပေးသွင်းခြင်းနှင့် သုံးလအတွင်း အရစ်ကျပေးသွင်းနိုင်သူများအား ရောင်းချပေးရန် ရန်ကုန်မြို့ရှိ မြို့ပြနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ဖေဖော်ဝါရီလ ၂၁ ရက်အထိ လျှောက်လွှာများ ရောင်းပေးနေကြောင်း သိရသည်။


အခန်းဝယ်ယူခွင့်လျှောက်လွှာများကို နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် သာမန်ပြည်သူများအတွက် သီးသန့်ကောင်တာများခွဲကာ ရောင်းချပေးနေခြင်းဖြစ်ပြီး မှတ်ပုံတင်ပြကာ လျှောက်လွှာတစ်စောင်လျှင် ကျပ် ၃,၀၀၀ နှုန်းဖြင့် ဖေဖော်ဝါရီ ၂၁ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်သည်။ လျှောက်လွှာများကို ဖေဖော်ဝါရီလ ၂၅ ရက်နောက်ဆုံးထားပြီး ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ရောင်းချပေးမည့်တိုက်ခန်းများမှာ ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာ၏ ၆ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၅၈၊ ၆၀၊ ၆၁၊ ၆၂၊ ၆၄၊ ၆၅၊ ၆၆၊ ၆၇)တို့ရှိ အခန်းအကျယ် စတုရန်းပေ ၄၆၈ ပေရှိသောတိုက်ခန်းများနှင့် ၁၂ ခန်းတွဲ ၄ ထပ်တိုက်၊ တိုက်အမှတ် (၄၀၊ ၄၄၊ ၄၅၊ ၄၆၊ ၄၇၊ ၄၉၊ ၅၀) တို့ရှိ အခန်းအကျယ် စတုရန်းပေ ၃၂၄ ပေရှိသော အခန်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။




အဆိုပါ ရောင်းချပေးမည့် ရိုးမရိပ်သာတန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ၏ ဈေးနှုန်းများမှာ အခန်းအကျယ်နှင့် အထပ်အနိမ့်အမြင့်အပေါ် မူတည်ကာ တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်းမှ ကျပ်သိန်း ၃၂၀ အထိရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် တိုက်ခန်းနှင့်အိမ်ငှားရမ်းခများ မြင့်တက်နေခြင်း၊ တိုးတက်လာသည့်လူဦးရေနှင့် စစ်ဘေးရှောင်များ ပြောင်းရွှေ့နေထိုင်မှုပုံစံများကြောင့် ရန်ကုန်မြို့အတွင်း နေထိုင်ရေးအတွက် လိုအပ်ချက်ကြီးနေသည့်အချိန်ဖြစ်သော ကြောင့် ယခုရောင်းချပေးမည့် ရိုးမရိပ်သာတိုက်ခန်းများကိုဝယ်ယူရန် လျှောက်လွှာ လာရောက်ဝယ်ယူသူ များပြားလျက်ရှိသည်။
တိုက်ခန်းဝယ်ယူခွင့်အတွက် အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာနိုင်ငံသားဖြစ်ပြီး မိသားစုဝင်ငွေနည်းပါး၍ နေရေးအခက် အခဲရှိသူဖြစ်ကာ ယင်းနှင့်အတူနေမိသားဝင်အားလုံးသည် ဥပဒေဘောင်အတွင်း နေထိုင်ပြီး ပြစ်မှုကင်းရှင်းသူများဖြစ်ရမည်။ သတ်မှတ်ထားသော တိုက်ခန်းတန်ဖိုးငွေကို တစ်လုံးတည်း အကြေပေးသွင်းခြင်း (သို့မဟုတ်) သုံးလအတွင်း အရစ်ကျပေးနိုင်သူဖြစ်ရမည်ဖြစ်သည်။
အိမ်/မြေပိုင်ဆိုင်ထားသူများနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုက်ခန်းဝယ်ယူခွင့် ရရှိထားသူများအား ရောင်းချပေးသွားမည်မဟုတ်ကြောင်း၊ ဝယ်ယူခွင့်ရရှိပြီး နှစ်နှစ်အတွင်း အမည်ပြောင်းလဲခွင့်မရှိကြောင်း သိရသည်။
သတ်မှတ်စည်းကမ်းနှင့်ပြည့်စုံသည့် လျှောက်လွှာများအား မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ဝယ်ယူခွင့်ရရှိပြီး ငွေအကြေပေးသွင်းပြီးမှသာ တိုက်ခန်းလက်ရောက်ပေးအပ်မည်ဖြစ်ကာ တိုက်ခန်းဝယ်ယူခြင်းအတွက် ဌာနမှ သတ်မှတ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ပါက ဝယ်ယူခွင့်ကို ပြန်လည်ဖျက်သိမ်းမည်ဖြစ်ကြောင်း အသိပေးထားသည်။
