
၁၉. ၂. ၂၀၂၅
Written by Nay Moe
တရုတ်အစိုးရစီစဥ်မှုအရ SAC ကိုယ်စားလှယ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာတွင် အချက်သုံးချက်သာဆွေးနွေးခဲ့သည်ဟု TNLA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
SAC အစိုးရအဖွဲ့က အကြမ်းဖက်အဖြစ် ယမန်နှစ် စက်တင်ဘာ ၂ ရက်ကစ သတ်မှတ်တိုက်ခိုက်ခံနေရသည့် TNLA အဖွဲ့နှင့် SAC ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးရာတွင် TNLA ဘက်မှ တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ကစထ(၁) မှူးဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် SAC ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်အစိုးရ၏စီစဉ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်တို့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟော်တယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် နှစ်ဖက်တောင်းဆိုတင်ပြမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးညှိနှိုင်းရန် ခက်ခဲသဖြင့် ၁၇ ရက်နေ့ ညနေပိုင်းတွင် တွေ့ဆုံပွဲ ပြီးဆုံးခဲ့သည်။ TNLA အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်တန့်နိုင်ရန်အတွက် အချက် (၃)ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး (၁) နှစ်ဖက်တပ် ရောက်ရှိသည့်နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်။ (၂) နှစ်ဖက်စလုံး ထိုးစစ်များပြုလုပ်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက် ကြီးများ ပစ်ခတ်ခြင်း၊ လေယာဉ်ဗုံးကြဲချခြင်းအစရှိသည့် စစ်ရေးလှုပ်ရှားမှုများအားလုံး ရပ်တန့်ရန်။ (၃) နှစ်ဖက်ထိန်းချုပ်နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်နိုင်ရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန်။ စသည်တို့ကိုသာ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုခက်ခဲသည့်အခြေအနေရှိသောကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်ရန် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီး တွေ့ဆုံမှုကို အဆုံးသတ်ခဲ့သည်ဟုလည်း တအာန်းအကြမ်းဖက်လက်နက်ကိုင် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။
