
၁၉.၂.၂၀၂၅
Written By Zun
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ KTV ဆိုင်တစ်ခုတွင် အလုပ်လုပ်နေရာမှ သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံသို့ခိုးဝင်လာသော အမျိုးသမီး ၅ ဦးကို ထိုင်းတပ်မတော်က ဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၆ နာရီအချိန်က အဆိုပါ အမျိုးသမီး ၅ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျောက်ခက်ဘက်မှ ထိုင်းနိုင်ငံ၊ တက်ခ်ခရိုင်၊ ဖိုးဖမြို့နယ်၊ ချောင့်ခဲ့ကျေးရွာဘက်သို့ သောင်ရင်းမြစ် ဖြတ်ကူး၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ဝင်ရောက်လာချိန် ထိုင်းတပ်မတော် လုံခြုံရေးအဖွဲ့နှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ဆေးရာတွင် မြန်မာနိုင်ငံဘက်ခြမ်း၌ လျှပ်စစ်မီးနှင့်အင်တာနက်မရရှိတော့သဖြင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုကြကြောင်းလည်း သိရသည်။

အဖမ်းခံရသူများမှာ အသက် ၂၀ ကျော်အရွယ် ထိုင်းနိုင်ငံသား အမျိုးသမီး ၂ ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး ၃ ဦးတို့ ဖြစ်ကြောင်း၊ လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဖိုးဖရဲစခန်းတွင်ထိန်းသိမ်းထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Sources-siamrath