ပုံစာ- ပြည်တွင်းရှိ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ နေကြာစိုက်ခင်းအား တွေ့ရစဉ် (Photo- MOI)
၁၉. ၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးစားသောက်ကုန်များတင်ပို့သည့် ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ခြင်းအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC) အောက်ရှိ CIFER မှတစ်ဆင့် ဆောင်ရွက်ခဲ့ရာမှ China Department of Animal and plant Quarantine ဌာနမှ စိုက်ပျိုးရေးစားသောက်ကုန်စည်အုပ်စု ၇ မျိုးကို ပြောင်းလဲတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းကို Manual စနစ်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စိုက်ပျိုးရေးစားသောက်ကုန် ၇ မျိုးမှာ မလှော်ရသေးသော ကော်ဖီစေ့နှင့် ကိုကိုးစေ့များ (Unroasted Coffee Beans and Cocoa Beans)၊ လတ်ဆတ်သောဟင်းသီးဟင်းရွက်များနှင့် တာရှည်ခံအောင်ပြုလုပ်ထားသည့် အခြောက်ခံထားသော ဟင်းသီးဟင်းရွက်များ (Fresh and Dehydrated Vegetables)၊ ဟင်းခတ်အမွှေးအကြိုင်များ (Seasonings)၊ စားသုံးနိုင်သောနှံစားသီးနှံများ (Edible Grains)၊ ပဲမျိုးစုံ (Dried Beans)၊ ဆီထွက်သီးနှံများ (Oilseeds (Oil Plant))၊ တရုတ်တိုင်းရင်းဆေးများ (Chinese Traditional Medicines) တို့ဖြစ်သည်။
အဆိုပါကုန်စည်အုပ်စု ၇ မျိုးအတွက် Manual စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းအား ကုမ္ပဏီလုပ်ငန်းများမှ ကိုယ်တိုင်ဆောင်ရွက်၍မရဘဲ သက်ဆိုင်ရာ Competent Authority Department ထံ လျှောက်ထားရမည်ဖြစ်သည်။
စိုက်ပျိုးရေးထွက်ကုန်များအတွက် စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ခံအရာရှိ (Competent Authority) ကသာ ၎င်းလျှောက်ထားမှုကို ဆောင်ရွက်နိုင်ပြီး စာ သို့မဟုတ် Email ဖြင့် dapq@ customs. gov. cn သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ သို့မဟုတ် မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ တရုတ်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
တရုတ်နိုင်ငံ GACC တွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ပြီးဖြစ်သည့် စာရင်းများကို GACC ၏ Website: https://cifer query.singlewindow.cn/ တွင် ဖော်ပြထားပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်အထိ စုစုပေါင်းစောင်ရေ ၁,၀၈၁ စောင် မှတ်ပုံတင်ပြီးဖြစ်ကြောင်း သိရသည်။
Manual စနစ်ဖြင့် မှတ်ပုံတင်ပြီးဖြစ်သည့်စာရင်းများကို GACC ၏ Website: http://dzs.customs.gov.cn/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ထပ်မံသိရှိလိုသည်များရှိပါက GACC ရုံးလုပ်ငန်းအဖွဲ့၊ ပြည်တွင်းကုန်သွယ်မှုဌာနခွဲ၊ မြန်မာနိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဖုန်းနံပါတ် ၀၆၇-၃-၄၀၈၆၀၅, ၀၆၇-၃-၄၀၈၆၁၇ နှင့် Email: [email protected] တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

