
၁၈.၂.၂၀၂၅
Written By Thandar
ဇန်နဝါရီလပိုင်းက ဆီးလမ်းကြောင်းပိုးဝင်ပြီး ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက်ပြီးမှ ကျန်းမာရေးပြန်လည် ကောင်းမွန်လာတဲ့ သရုပ်ဆောင်မတူးအတွက် စေတနာရှင်အလှူရှင်တွေက စုပေါင်း အလှူငွေ ၃ သိန်းကျပ်ကို လှူဒါန်းခဲ့ကြပါတယ်။
“သရုပ်ဆောင် မတူးက တကယ့်ကို အနုပညာလောကမှာဆိုရင်လည်း တကယ့်ကို အနုပညာသမားကောင်း တစ်ယောက်ပါ။ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ရောက်ပြီး အခု ပြန်လည်ကောင်းမွန်လာတယ်လို့ သိရတဲ့အတွက် အဘတို့အနေနဲ့ လာပြီး ကူညီပေးတာပါ။ အများကြီးတော့မဟုတ်ပေမယ့်လည်း ကိုယ် တတ်နိုင်သလောက်လေး ပါဝင်ပေးဖြစ်တာပါ”လို့ ဒါရိုက်တာ ကျော်ဟိန်းကျော်က ပြောပါတယ်။
သူမကတော့ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ရန်အောင်မှတ်တိုင်အနီး ဗိုလ်လရောင်လမ်းရှိ မတူးနေ အိမ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းက ဒါရိုက်တာ ကျော်ဟိန်းကျော်၊ ဆရာမ မြတ်သစ္စာတို့က ခုနှစ်ရက် သားသမီး အလှူရှင်တွေက ပါဝင် လှူဒါန်းထားတဲ့ အလှူငွေတွေသွားရောက် ပေးအပ်ကြလည်းဖြစ်ပါတယ်။


“အန်တီတူးက ဆရာမအတွက်က ကိုယ့်အမေအရင်း တစ်ယောက်လိုပါပဲ။ အန်တီတူးက သူကျန်းမာတဲ့ အချိန်တုန်းကဆိုရင် ဘယ်သူ့အတွက်ကိုမှ လက်မနှေးဘဲ အကူအညီပေးခဲ့တဲ့ သူတစ်ယောက်ပါ။ အခုလိုမျိုး မကျန်းမာတဲ့ အချိန်မှာ ဆရာမတို့ကလည်း ကိုယ်တတ်နိုင်သလောက် ကူညီပေးတာပါ။ အမြန်ဆုံး ပြန်လည် ကျန်းမာလာပါစေလို့လည်း ဆုတောင်းပါတယ်။ ဆေးရုံတက်နေချိန်မှာ အာဟာရရှိအောင် ဆရာမလည်း တတ်နိုင်တဲ့ဘက်က ကြက်ပြုတ်ရည်၊ ဆန်ပြုတ် စတာတွေကို ရအောင် ကိုယ်တိုင်ကိုယ်ကျလည်း ကျွေးမွေးခဲ့ပါတယ်။ စောင့်ရှောက်ခွင့်ရလို့လည်း ကျေနပ်ပါတယ်။ အန်တီတူး အရင်လို ပြန်ကျန်းမာပါစေလို့ ” ဆရာမ မြတ်သစ္စာက ပြောပါတယ်။
သရုပ်ဆောင်မတူးက ဇန်နဝါရီလတွင်းက ကျန်းမာရေး အခြေအနေအကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အကူအညီနဲ့ ရန်ကုန်မြို့ ကုတင် (၅၀၀) ဆေးရုံမှာ ဆေးရုံတက်ရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရတာပါ။ ဒါ့ပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့အတူ အနုပညာရှင်တွေကလည်း အလှူငွေတွေကို လှူဒါန်းခဲ့ကြတာလည်းရှိကြပါတယ်။
မတူးကို အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့ လာရောက်ကမ်းလှမ်းမှုတွေ နည်းပါးတဲ့အတွက် စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အခြေအနေဖြစ်ပြီးတော့ ဆေးကုသရန် အတွက် အခက်အခဲဖြစ်ပေါ်လျက်ရှိပါတယ်။ သရုပ်ဆောင် မတူးကို ပါဝင်လှူဒါန်းလိုသူ စေတနာရှင် အလှူရှင်တွေအနေနဲ့ 09420052836 ကနေ ဆက်သွယ် ကူညီလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
