◾ ကက်သလစ်ကျောင်းထိုင် ဘုန်းတော်ကြီးကို LPDF တွေလည်ပင်းဖြတ်သတ်မှု NUG ဝမ်းနည်း၊ ရက်စက်စွာ လည်ပင်းဖြတ်သတ်တဲ့ LPDF ၁၀ ဦးကို ဖမ်းမိထားပြီး အရေးယူပေးမယ် ပြော




၁၈. ၂. ၂၀၂၅
Written by Nay Moe
ကက်သလစ်ကျောင်းထိုင် ဘုန်းတော်ကြီးကို ရွှေဘိုဒေသခံ LPDF တွေက လည်ပင်းဖြတ်သတ်မှုကို NUG က ဝမ်းနည်းရတယ်လို့ ထုတ်ပြန်လာပြီး ရက်စက်စွာ လည်ပင်းဖြတ်သတ်တဲ့ LPDF ၁၀ ဦးကို ဖမ်းမိထားလို့ အရေးယူပေးမယ်လို့ပါ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြောလာပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နဲ့ ကျောက်မြောင်းမြို့ကြား ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းထဲကို ရွှေဘို PDF တွေဖြစ်တဲ့ တအုံရွာ LPDF ဆယ်ဦးက ဝင်ရောက်လာပြီး ကက်သလစ်ခရစ်ယာန်ကျောင်းထိုင်ဘုန်းကြီး ဖာသာဒေါ်နယ်မာတင်ကို လည်ပင်းလှီးဖြတ်သတ်လိုက်တာကြောင့် ဝင်ရောက်သတ်ဖြတ်ခဲ့သူ ၁၀ ဦးကို ရွှေဘိုခရိုင် တပ်ရင်း (၅) က ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းတွေ ထွက်ပေါ်အပြီးမှာ ဒီလိုကျူးလွန်သူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီများ အဖွဲ့ချုပ် (CBCM) ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုခဲ့အပြီးမှာ NUG က ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။
မူလက NLD, NUG နဲ့ PDF ထောက်ခံသူတွေဟာ ဖာသာဒေါ်နယ်မာတင်ကို သတ်တာဟာ ပျူစောထီးတွေပါလို့ လွှဲချဖုံးဖိခဲ့ပေမယ့် ဖုံးဖိမရတဲ့အဆုံးမှ NUG ကလည်း ကြေညာချက်ထုတ်လာတာဖြစ်ပြီး သတ်ဖြတ်တဲ့ တအုံရွာ PDF ခေါင်းဆောင်နာမည်က တိုက်ကော ပါ။ တိုက်ကောအပါအဝင် အဖွဲ့ဝင် ၁၀ ဦးကို သေနတ် ၅ လက်၊ ဓားရှည် ၁ လက်နဲ့အတူ ဖမ်းမိထားတာဖြစ်ပါတယ်။
သတ်ဖြတ်ခံရတဲ့ ခရစ်ယာန်ဘုန်းကြီးဟာ အသက်က ၄၄ နှစ်နဲ့ ခရစ်တော်မှာ အမှူထမ်းသက်က ၇ နှစ်ရှိပြီ ဖြစ်တဲ့ ဖာသာရ်ဒေါ်နယ်မာတင် (Fr. Donald Martin) ရဲနိုင်ဝင်း ဖြစ်ပါတယ်။



ဖာသာရ်ဒေါ်နယ်မာတင်ရဲနိုင်ဝင်းကို သတ်ဖြတ်တဲ့ သံသယတရားခံ ၁၀ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရွှေဘိုခရိုင်တပ်ရင်း(၅)နဲ့ တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့များ(ပကဖ)က သတင်းရတာနဲ့ တပြိုင်တည်း ပူးပေါင်းပြီး နေ့တွင်းချင်းဖမ်းဆီးခဲ့တယ်ဆိုပါတယ်။ လတ်တလော စုံစမ်းစစ်ဆေးမှုအရ သံသယတရားခံတွေဟာ ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြောင်း သိရှိရပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဖြစ်လို့ NUG က စစ်ခုံရုံးတင်စစ်ဆေးပြီး တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စစ်ဆေးမှု ဆောင်ရွက်နေပြီ ပြောပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း သံဃာအပါး ၁၀၀ ခန့်ဟာ သူလျှို၊ ဒလန် စွဲချက်နဲ့ PDF တို့ သတ်ဖြတ်ခံခဲ့ရမှုအပေါ် နုတ်ဆိတ်ခဲ့တဲ့ NUG က ခရစ်ယာန်ဘုန်းကြီးကို LPDF က လည်လှီးသတ်မှ ဘာသာရေးခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်များကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်သည်ဖြစ်စေ ပြင်းထန်စွာ ရှုတ်ချပြီး ကျူးလွန်သူများကိုလည်း ကျောသားရင်သားမခွဲခြားဘဲ တရားဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်း ကြေညာအပ်ပါသည်လို့ ထည့်သွင်းဖော်ပြခဲ့တာ တွေ့ရပါတယ်။
