
၁၇.၂. ၂၀၂၅
Written by Phyo Wei
ကျားဖြန့်နှိမ်နင်းရေးမှာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ BGF ခေါင်းဆောင်က ထိုင်းအစိုးရထံ စာပို့တောင်းဆိုပြီး ကိုးကန့်ဒေသဘက်က ပယ်မိသားစုတို့လို မဖြစ်သွားဖို့ ရုန်းကန်နေတာကို မြင်ခဲ့ရပြီး မြန်မာအစိုးရကလည်း တရုတ်၊ ထိုင်းအစိုးရတွေနဲ့ ပူးပေါင်းပြီး တရုတ်ကျားဖြန့်ဂိုဏ်းတွေ အမြစ်ပြတ်အောင် လုပ်ဆောင်နေတာကို ဒီတစ်ပတ်မှာ တွေ့ခဲ့ရသလိ အမျိုးသမီးစစ်မှုထမ်းတွေကို ဆင့်ခေါ်ဖို့ အစီအစဉ်မရှိသေးပေမဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အမျိုးသမီးတွေရဲ့အသက်တွေ ဖော်ပြထားမှုကို အခွင့်ကောင်းယူ ခြိမ်းခြောက်နေကြတာသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားလာတဲ့ဖြစ်စဉ်တွေလည်း တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ပြည်ပနိုင်ငံအချို့က မြန်မာ့ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခ အခြေအနေဖြစ်ပေါ်အောင် ဖန်တီးနေကြလို့ တိုင်းပြည် စည်းလုံးမှု ပြိုကွဲမယ်ဆို ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေက ဝင်ရောက်စွက်ဖက်လာနိုင်တာကို သတိပြုရမယ်လို့ SAC ဥက္ကဋ္ဌ သတိပေးလာတဲ့အပြင် လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတဲ့ နယ်မြေဒေသတွေက ပြည်သူတွေဟာ နိုင်ငံနဲ့ ပြည်သူရဲ့ အကျိုးစီးပွားကိုထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ တိုက်ခိုက်မှုတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့ ပြောကြားလာတာ၊ ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံက ကလေးငယ် ၇၅၀ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ ပြောလာတာ၊ AA က မောင်တောနဲ့ ဘူးသီးတောင်က နေအိမ်တွေကို လူမနေရ စာကပ်ပြီး အိမ်ပိုင်ရှင်တွေကို လိုက်ဖမ်းနေသလို မြိုလူမျိုးပြုတ်အောင် စစ်မှုထမ်းဖို့ ကိုယ်ဝန်သည်ပါမချန် လိုက်ဖမ်းနေတာ၊ အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ယာယီနေရပ်စွန့်ခွာနေရသူတွေကို တစ်ဦးကို တစ်လကျပ် ၂၀,၀၀၀ နှုန်းနဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ထောက်ပံ့သွားမယ်ဆိုတာ၊ ဗန်းမော်မှာ KIA/KPDF တပ်မဟာ (၉) က PDF ၃၀ ဒရုန်းထိ သေဆုံးသွားတယ်ဆိုတာတွေအပြင် မိုးကုတ်ကို လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၅ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ TNLA ဝန်ခံလာပေမဲ့ တိုက်ခိုက်ခံရတဲ့နေရာက ဝင်းထရံကျောက်မျက်လုပ်ကွက်ဖြစ်တာကို ဖုံးကွယ်ထုတ်ပြန်လာတာ၊ PDF ထောက်ပို့လုပ်နေတဲ့ PPNN နိုင်ကျဥ်းတာဝန်ခံ အပါအဝင် ငါးဦးကို မန္တလေး PDF က မတရား ဖမ်းဆီးရိုက်နှက်ကာ စစ်ကြောခဲ့တာကြောင့် လတ်တလောသေဆုံးခဲ့ရမယ်ဆို မန္တလေး PDF လက်ချက်လို့ ကြေညာလာတဲ့ ဖြစ်စဉ်တွေနဲ့ စက်တောကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျောင်းဆရာမ ၅ ဦးကို PDF က ဖမ်းဆီးထားမှု ပြန်လွှတ်ပေးဖို့ KYF က မေတ္တာရပ်ခံလာတဲ့ဖြစ်စဉ်တွေရှိပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာအမျိုးသမီးငယ်ကျောင်းသူကို တရုတ်မယားအဖြစ် အိမ်ပေါ်တက်ပြီး ပေါ်တင်စည်းရုံးလာတာ၊ ခရစ်ယာန်သင်းအုပ်ဆရာကို PDF က လည်လှီးသတ်ဖြတ်လိုက်တာနဲ့ ငွေကြေးအရှုပ်အရှင်းဂယက်တွေကြားမှာ NUG ကာကွယ်ရေးအတွင်းဝန်တစ်ဖြစ်လည်း NLD အမတ်ဟောင်းနုတ်ထွက်မှုအကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ အိမ်ပေါ်ရောက်လာတဲ့ တရုတ်မယားအဖြစ် လူကုန်ကူးမှု
မြန်မာအမျိုးသမီးငယ်တွေကို တရုတ်မယားအဖြစ် လူကုန်ကူးခံနေရတဲ့ ပြဿနာကို မြန်မာနိုင်ငံက ဆယ်စုနှစ်ချီ ခံနေရတဲ့ အခြေအနေကို ထိန်းကျောင်းနိုင်စွမ်းမရှိမှုနောက်မှာတော့ တရုတ်မယားအဖြစ် ရောင်းစားဖို့ စည်းရုံးသိမ်းသွင်းမှုက အိမ်ပေါ်အထိ ရောက်လာတာကို ဒီတစ်ပတ်မှာ ဝမ်းနည်းစရာ တွေ့မြင်လာရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထဲမှာ Facebook TikTok စတာတွေကတစ်ဆင့် မြန်မာအမျိုးသမီးငယ် ၁၄ ဦးကို တရုတ်မယားအဖြစ် စည်းရုံးရောင်းစားနေသူ ၆ ဦးကို မန္တလေးမှာ ဖမ်းမိအပြီး လပိုင်းအကြာမှာပဲ ဒီဖေဖော်ဝါရီလအစမှာပဲ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်မှာနေထိုင်တဲ့ ဆယ်ကျော်သက်ကျောင်းသူနှစ်ဦးကို တရုတ်တစ်ယောက်က ချစ်စရာကောင်းလို့ လာတွေ့တာ အမည်တပ်ပြီး လူလားမမြောက်သေးတဲ့ ကလေးမလေးနှစ်ယောက်ကို တရုတ်မယားအဖြစ် မြူဆွယ်သိမ်းသွင်းတဲ့ တရုတ်စကားပြန် သီတာအောင်၊ အောင်ဇော်ဦး(ခ)ဟာမီဒူလာ၊ တရုတ်နိုင်ငံသား Luo Fei နဲ့ အမည်မသိ တရုတ်နိုင်ငံသားတစ်ဦးတို့ကို ဖေဖော်ဝါရီလ ၆ ရက်နေ့၊ ညနေပိုင်းမှာ ဒလမြို့မရဲစခန်းက (ပ)၂၀/၂၀၂၅၊ လူကုန်တားဥပဒေပုဒ်မ-၃၅/၄၄ နဲ့ အမှုဖွင့်ခဲ့ပြီး Luo Fei ကိုတော့ ဖမ်းနိုင်ခဲ့တာပါ။
တရုတ်တွေဟာ သမီးအရွယ်သာရှိတဲ့ မြန်မာအမျိုးသမီးငယ်နှစ်ဦးကို ကျောင်းစိမ်းလဲဝတ်ခိုင်းပြီး တရုတ်မယားအဖြစ် စည်းရုံးနေပုံကိုလည်း တရုတ်နိုင်ငံသားတွေ အဓိကအသုံးပြုတဲ့ Douyin မှာ တင်ခဲ့ရာမှာ သားမယားအဖြစ် ယုတ်ယုတ်မာမာပြောခဲ့ကြတာကို တွေ့မြင်ခဲ့ရသလို မြန်မာအမျိုးသမီးငယ်လေးကို ယွမ် ၁၀၀၀၀ နဲ့ ယောကျ်ားအတွက် ဝယ်ချင်ကြောင်း၊ ဒီအမျိုးသမီးငယ်လေးကို လိင်ပိုင်းဆိုင်ရာ သုံးလေးနှစ်ပြုကျင့်ပြီး ကလေးမွေးခိုင်း၊ ပြီးရင် ပြန်ရောင်းစားမယ်ဆိုတာနဲ့ ယွမ် ၁၀၀၀၀ ပဲ ပေးရလို့ ထွက်ပြေးသွားတောင် တန်တယ်လို့ ပြောတာမျိုး အောက်တန်းတကျ ရေးသားကြတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှုပြဿနာဟာ တရုတ်လို အိမ်နီးချင်းနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသက နိုင်ငံအချို့ရဲ့ ဈေးကွက်လိုအပ်ချက်နဲ့ ချိတ်ဆက်ဖြစ်ပွားနေပြီး နှစ်စဉ် ဖြစ်ပွားနေတဲ့ ကိန်းဂဏန်းတွေအရ ပြည်တွင်းလူကုန်ကူးမှုက ၅၆ ရာခိုင်နှုန်း၊ ပြည်ပလူကုန်ကူးမှုက ၄၄ ရာခိုင်နှုန်း ဖြစ်ပွားနေတာပါ။ ပြည်တွင်းလူကုန်ကူးမှုမှာ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှုက အဓိကဖြစ်ပွားပြီး ပြည်ပလူကုန်ကူးမှုမှာတော့ အဓမ္မလက်ထပ်ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မခိုင်းစေမှု၊ ကြွေးမြီနဲ့နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ ကလေးရောင်းစားမှုနဲ့ အဓမ္မတောင်းရမ်းစေခိုင်းမှုတွေ ဖြစ်ပွားနေတာပါ။ နိုင်ငံရေးအကျပ်အတည်းကြားမှာ တရုတ်မယားအဖြစ် အရင်တုန်းက တရုတ်နိုင်ငံဆီ ဦးတည်လူကုန်ကူးရာကနေ အခုအချိန်မှာတော့ ပြည်တွင်းမြို့ကြီးတွေက အိမ်ပေါ်အထိ ရောက်ပြီး တရုတ်မယားအဖြစ်စည်းရုံးလာတဲ့ ပြဿနာတွေကို တာဝန်ရှိသူတွေကိုယ်တိုင်က အခုထက်ပို အမြန်ဆုံးထိန်းကျောင်းအဖြေရှာဖို့ လိုအပ်မှာပါ။
◾ သင်းအုပ်ဆရာကို လည်ဖြတ်သတ်တဲ့ PDF
ဖေဖော်ဝါရီ ၁၄ ရက် ည ၉ နာရီခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နဲ့ ကျောက်မြောင်းမြို့အကြား ကန်ကြီးတောကျေးရွာက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းထဲကို ရွှေဘို PDF တွေဖြစ်တဲ့ တအုံရွာ PDF ဆယ်ဦးခန့်က ဝင်ရောက်လာပြီး ကက်သလစ်ခရစ်ယာန်ကျောင်းထိုင်ဘုန်းကြီးကို လည်ပင်းလှီးဖြတ်သတ်လိုက်တာကြောင့် ဝင်ရောက်သတ်ဖြတ်ခဲ့သူ ၁၀ ဦးကို ရွှေဘိုခရိုင် တပ်ရင်း (၅) က ဖမ်းဆီးထိန်းသိမ်းထားတဲ့သတင်းတွေ ထွက်ပေါ်အပြီးမှာ ဒီလိုကျူးလွန်သူတွေကို အရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ် (CBCM) ဥက္ကဋ္ဌ ကာဒီနယ် ချားလ်စ်ဘိုက တောင်းဆိုလာပါတယ်။ သတ်ဖြတ်ခံရတဲ့ ခရစ်ယာန်ဘုန်းကြီးဟာ အသက်က ၄၄ နှစ်နဲ့ ခရစ်တော်မှာ အမှူထမ်းသက်က ၇ နှစ်ရှိပြီဖြစ်တဲ့ ဖာသာရ်ဒေါနယ်မာတင် (Fr. Donald Martin) ရဲနိုင်ဝင်းဟာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံသူလို့ ခရစ်ယာန်ဘာသာဝင်တွေက ရေးသားကြပြီး ဒီလို ဖာသာတစ်ယောက်ကို PDF တွေက မူးယစ်သောက်စား လည်လှီးသတ်တဲ့အပေါ် ကာဒီနယ်ချားလ်ဘိုရဲ့ တောင်းဆိုစာမှာ အခုလို ရက်စက်စွာသတ်ဖြတ်ခံရလို ဝမ်းနည်းကြောင်း၊ “Father Donald Martin ရဲနိုင်ဝင်းနှင့်အတူ အပြစ်မဲ့သူများစွာတို့၏ သွေးမြေကျကာ အသက်နှင့် ခန္ဓာပေးဆပ်ရခြင်းတို့သည် နိုင်ငံအနှံ့တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ဆက်ကပ်ပူဇော်ခြင်းဖြစ်ပါစေ။ ဤကဲ့သို့ တွေ့ကြုံရသော စိတ်နှလုံးကြေကွဲဖွယ်ရာများမှ သင်ခန်းစာ ယူလျက် ညီအစ်ကိုမောင်နှမစိတ်ထားများ ရှင်သန်နိုးကြားလာပြီး အကြမ်းဖက်မှုများကို ရပ်တန့်ကြပါရန် အလေးအနက်မေတ္တာရပ်ခံအပ်ပါသည်။ Father Donald Martin ရဲနိုင်ဝင်း အပေါ် ကျူးလွန်ခဲ့သော မတရားမှုသည် အလွယ်တကူ မေ့ပျောက်သင့်သောအရာတစ်ခု မဟုတ်ပါ။ ထိုကြောင့် နောက်နောင် ဤကဲ့သို့အမှုမျိုး ထပ်မံမဖြစ်စေရေးအတွက် တာဝန်ယူမှုပြည့်ဝစွာဖြင့် ကျူးလွန်သူတို့အား ထိုက်သင့်သောအရေးယူခြင်းနှင့် တရားမျှတမှုကို ဖော်ဆောင်ပေးကြပါရန် တာဝန်ရှိသူတိုအား တိုက်တွန်းပါသည်။”လို့ ဖော်ပြထားပါတယ်။ သတ်ဖြတ်တဲ့ တအုံရွာ PDF ခေါင်းဆောင်နာမည်က တိုက်ကောဖြစ်ပြီး တိုက်ကောအပါအဝင် သတ်ဖြတ်သူ ၁၀ ဦးကို သေနတ် ၅ လက်၊ ဓားရှည် ၁ လက်နဲ့အတူ ဖမ်းမိထားတာဖြစ်ပါတယ်။
တကယ်တော့ ဒီနွေဦးတော်လှန်ရေးကာလအတွင်းမှာ ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင် သံဃာတော် ရာဂဏန်းလောက်ကို PDF တွေက သတ်ဖြတ်ထားကြပြီး ခရစ်ယာန်သင်းအုပ်ဆရာကို PDF သတ်တာက ဒါပထမဆုံးလို့ ဆိုရမှာပါ။ ဒီနေရာမှာ အံ့ဩစရာမဟုတ်တဲ့ စိတ်ပျက်စရာတစ်ခုကတော့ သံဃာတော်တွေ အသတ်ခံရတုန်းက ငြိမ်နေခဲ့သူတွေဟာ သင်းအုပ်ဆရာတစ်ယောက်ကို PDF သတ်လိုက်ပြီဆိုမှ အုံကြွမတတ်ဖြစ်နေသလို NLD, NUG နဲ့ PDF ထောက်ခံသူတွေကလည်း Father Donald Martin ရဲနိုင်ဝင်းကို သတ်သူတွေက ပျူစောထီးပါလို့ ယိုးစွပ်ပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာ လွှဲချဖို့ လုပ်နေတာပါ။ ပိုဆိုးတာက တိုက်ကောတို့ တအုံရွာ PDF တွေကို ဖမ်းထားတဲ့ NUG ရဲ့ ရွှေဘိုခရိုင်တပ်ရင်း (၅) ဟာ ဒီဖြစ်စဉ်ကို စနစ်တကျရှင်းလင်းဖို့ထက် အရင် PDF တွေ ကျုုးလွန်တဲ့ လူသတ်မုဒိမ်းမှုကို လျစ်လျူရှုလိုက်သလို အချိန်တစ်ခုမှာ မေ့သွားမယ့်ပုံစံမျိုးလုပ်နေတာလည်း တွေ့ရသေးတာပါ။ သေချာတာကတော့ ခရစ်ယာန်ဘာသာဝင်တွေ လည်ပင်းကွဲအောင် အော်နေဦးတော့ Father Donald Martin ရဲနိုင်ဝင်း လည်လှီးအသတ်ခံရမှုဟာ NUG နဲ့ PDF တွေရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ တရား စီရင်မှုနဲ့ ဖုံးဖိပေးတဲ့ မီဒီယာတွေကြားမှာ ပျောက်သွားမယ့်သဘောဖြစ်သလို Father Donald Martin ရဲနိုင်ဝင်းကို ဒလန်၊ သူလျှိုမို့လို့ သတ်လိုက်တာပါလို့လည်း သံဃာတွေ သတ်ဖြတ်ကြချိန် နာမည်ဖျက်တဲ့ပုံစံမျိုးလည်း လုပ်သွားမယ့်အရိပ်အယောင်တွေ တွေ့နေရပြီဖြစ်ပါတယ်။
◾ ငွေကြေးအရှုပ်အရှင်းဂယက်နဲ့ NUG ကာကွယ်ရေးအတွင်းဝန်တစ်ဖြစ်လည်း NLD အမတ်ဟောင်းနုတ်ထွက်မှု
NLD ပါတီရဲ့ နွားထိုးကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်ဖြစ်ခဲ့ပြီး လက်ရှိ ငွေကြေးမသမာမှုများစွာနဲ့ ဝေဖန်ခံနေရတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်တာဝန် သုံးနှစ်ကျော် ထမ်းဆောင်ခဲ့သူ ဦးနိုင်ထူးအောင်ဟာ တာဝန်က နုတ်ထွက်တယ်လို့ သူအသုံးပြုတဲ့ Naing Htoo Aung အကောင့်ကတစ်ဆင့် အတည်ပြု ဖော်ပြလာပါတယ်။ ပြည်သူ့အလှူငွေနဲ့ မိသားစုလိုက်ပြည်ပထွက်ပြေးပြီး စည်းစိမ်ခံနေကြတဲ့ NUG တာဝန်ရှိသူတွေထဲမှာ ငွေကြေးမသမာမှုများစွာအဖြစ်ဆုံးဟာ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ စီမံဘဏ္ဍာတို့ဖြစ်ပြီး ဦးနိုင်ထူးအောင်ဟာ NUG ကာကွယ်ရေးဝန်ကြီးဌာနကတစ်ဆင့် ဒေါ်လာသန်းရာချီ ငွေကြေးစီးဆင်းမှုတွေ မရှင်းလင်းနိုင်မှုမှာလည်း တာဝန်ရှိသူပါ။
ဒါကြောင့်မို့လို့ သူ NUG ကာကွယ်ရေးဝန်ကြီးဌာနက နုတ်ထွက်ကြောင်း အသိပေးစာအောက်မှာ သူ့ Friend တစ်ဦးက “နိုင်ထူးအောင် NUG တွင် တာဝန်ယူခဲ့စဉ်အခါက ကျူးလွန်ခဲ့တဲ့ အမှူတွေအားလုံးကို စုံစမ်းစစ်ဆေးပြီး အရေးယူမှူအမြန်လုပ်ဆောင်ပေးပါ။ တာဝန်ယူစဉ်အခါက ရယူထားသောငွေကြေးရှင်းတမ်းများ စာရင်းအင်းနဲ့တကွ စနစ်တကျအပ်နှံခိုင်းပါ။
အဆိုပါကိစ္စများကို NUGအနေဖြင့် အရေးယူမဆောင်ရွတ်ပေးလျင် နောင်တချိန် နိုင်ထူးအောင် NUG တွင်တာဝန်ယူစဉ်အခါက ဖြစ်ခဲ့သော ပြဿနာအရပ်ရပ်အား NUG မှ တာဝန်ရှိသူအားလုံး တာဝန်ခံရမည်။(သတ်ပုံမူရင်း)”လို မှတ်ချက်ပြုခဲ့ပါတယ်။
ဒါ့အပြင် Comment ပိတ်ထားတဲ့ Naing Htoo Aung အကောင့်မှာ Comment ပေးခွင့်ရတဲ့ Friend တွေက နိုင်ထူးအောင်ဟာ သူခိုးဖြစ်ကြောင်း၊ PDF များစွာသေဆုံးရမှု တရားခံဖြစ်ကြောင်း၊ ဒေါ်လာသန်းချီငွေစီးဆင်းမှုတွေ စာရင်းရှင်းဖို့ လိုကြောင်း၊ NUG က တရားဝင်ထုတ်ပြန်သင့်ကြောင်း၊ နိုင်ထူးအောင်ဟာ စစ်ရာဇဝတ်ကောင်ဖြစ်ကြောင်း ဝိုင်းဝန်းမှတ်ချက်ပေးနေတာလည်း တွေ့ရပြီး Khun Nan Da အကောင့်ပိုင်ရှင်ကလည်း Naing Htoo Aung ကို “ငွေတွေကိုအလွှဲသုံးစားလုပ်တယ် တော်လှန်ရေးသမားတွေကို လိုရင်လိုသလို လက်နက်ပေး တကယ်တိုက်နေတဲ့အဖွဲ့တွေကြလက်နက်မပေး One year strategy ဆိုပြီး ဒေါ်လာ သန်း ၁၅၀သုံး ဘာမှ ရလာဒ်မထွက် ခုလို Post တင်ပြီး တော်လှန်ရေးမှာဆက်လုပ်မယ် MOD ကထွက်မယ်ဆိုတော့ အဲလိုရကြေးလား တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဘယ်မလဲ မင်းကြောင့် G Z တွေအသက်ပေးခဲ့ရတာမနည်းဘူး ခုလိုရကြေးလား သမိုင်းတရားခံလေး”လို့ Comment ပေးခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် ဦးနိုင်ထူးအောင်ဟာ သူ့ Naing Htoo Aung အကောင့်မှာ Friend မဖြစ်ရင် မှတ်ချက်ပေးခွင့်ပြုမထားတာကြောင့် သူ့အကောင့်အောက် ရေးခွင့်မရသူတွေကလည်း သူ့ပို့စ်ကိုရှဲပြီး သူ့ဆီက စီးဆင်းသွားတဲ့ ငွေကြေးတွေ တာဝန်ခံဖို့ ရေးသားကြသလို ဦးနိုင်ထူးအောင်လိုပဲ NLD ရဲ့ မန္တလေးမဲဆန္ဒနယ် (၁၀) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးကျော်မြင့်ဦးက “ပထမဆုံး MOD မှ နုတ်ထွက်သွားသူကတော့ အတွင်းဝန် နိုင်ထူးအောင် ပေါ့။ လာလတ္တံ့တွေများစွာနဲ့ စောင့်သာကြည့်နေလိုက်ကြတော့။ သတင်းတွေကြားနေရတာကြာပါပြီ။ ပြည်သူ့အသက်တွေ၊ ဘဝတွေ၊ လူငယ်တွေရဲ့ အနာဂတ်တွေ၊ ယုံကြည်အားကိုးချက်တွေကို အလွဲသုံးစားလုပ်ပြီး ချနင်းသွားကြသူများ။ ပြည်သူ့ကျိန်စာ စူးကြအုန်းမှာပါ။”လို ဝေဖန်ခဲ့တဲ့အပြင် ထင်ရှားတဲ့ ဥပဒေပညာရှင် ဦးကြီးမြင့်ကလည်း “အစောကြီးထဲကပြောပါတယ် စာရင်းစစ်ခန့် စာရင်းတွေသေချာလုပ်ပါ ဝင်ငွေထွက်ငွေ ပြည်သူကိုလည်းတင်ပြပါပြောရက်နဲ့ အခု စစ်ဆက်တိုက်စရာဘတ်ဂျက်မရှိတော့လို မထောက်ပံ့နိူင်တော့ဘူး ကာဝန်တာဝန်ယူရမယ်ပြစ်မှုကဆွေးမသွားဘူး အားလုံးပုဒ်မ၄၀၉ နဲ့ တရားစွဲခံရရင် ၁၀ နှစ် တသက်တကျွန်းဘဲ။ နိူင်ထူးအောင်ထွက်မပြေးအောင်သေချာထားရမယ်” လို့ရေးသားတဲ့အပြင် “၄၀၉ နဲ့ တရားစွဲရမယ် ပြည်တွင်းပြန်ပို့ပြီး NUG တရားရုံးမှာ တရားစွဲရပါမယ် (သတ်ပုံမူရင်း)”လို့ ရေးသားခဲ့ပါတယ်။
NUG ယာယီသမ္မတဒူဝါလရှီးလက ပြည်သူ့ငွေဒေါ်လာသန်းရာပေါင်းများစွာ အလွဲသုံးစားမှုနဲ့ နာမည်ပျက်နေတဲ့ NUG ဝန်ကြီးတွေ အပါအဝင် ဝန်ကြီးဌာန ထိပ်ပိုင်းတာဝန်ရှိသူတွေကို အပြောင်းအလဲလုပ်မယ်လို့ ဒီနှစ်ဆန်းမှာပြောထားအပြီး ဦးနိုင်ထူးအောင်ဟာ ပထမဆုံးနုတ်ထွက်သူဖြစ်လာပေမဲ့ သူကိုင်တွယ်သုံးစွဲခဲ့တဲ့ငွေကြေးစီးဆင်းမှုတွေနဲ့ပတ်သက်ပြီး NUG က နှုတ်ဆိတ်နေတာပါ။ ဥိးနိုင်ထူးအောင်ကသာ သူဟာ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်လို့ သူ့ကိုယ်သူ မှတ်ကျောက်တင်ကြောင်း ကွန်းမန့်ပိတ်ဟစ်ကြွေးနေတာကို မြင်နေရတာက လူရယ်စရာဖြစ်နေသလို NUG အဖို့လည်း ပြည်သူ့အလှုငွေကို ကိုယ်ကျိုးသုံးရာမှာ တစ်ယောက်အမြီး တစ်ယောက်နင်းထားနိုင်တဲ့ အတွင်းကျကျသိသူကို ငွေကြေးကိစ္စကင်းရှင်းပါတယ်လို့ ထုတ်ပြန်ရင်လည်း တကယ်မရှင်းလင်းထားလို့ သူ့အတွက် တာဝန်ခံရ၊ ဦးနိုင်ထူးအောင်ဟာ ငွေကြေးအလွဲသုံးစားသူပါလို့ ဖော်ထုတ်ပြန်လည်း သူတို့ကိုယ်တိုင်က ပြည်သူ့အလှုငွေကိုယ်ကျိုးသုံး စည်းစိမ်ခံနေတာကို ပြန်အဖော်ခံရမှာကြောက်ရနဲ့ ညောင်မြစ်တူးလို့ ပုတ်သင်ဥပေါ်လာတာမျိုး၊ ဘုရားမှတ်လို့ကိုးကွယ်ခံနေရာရောက်နေပေမဲ့ ဖွတ်ထွက်လာမှ တောင်ပို့မှန်းသိသွားမယ်အဖြစ်မျိုးမို့လို့ အောင့်သီးအောင့်သက် ငြိမ်နေကြတာလို့ ယူဆစရာအခြေအနေတွေကို ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် တင်ပြပါရစေ။