
၁၇.၂.၂၀၂၅
Written by KL
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊အမှတ်(၆) ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်က စောင်နှင့်မွေ့ယာ သိုလှောင်ထားရာမှ အောင်းပူဖြစ်၍ ဂိုဒေါင်နှင့် နေအိမ်တစ်လုံးမီးလောင်ခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
၁၅ မိနစ်ခန့်ကြာမြင့်ခဲ့သော မီးလောင်မှုကြောင့် အလျားပေ ၂၀ ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ ဝါးကာ ဂိုဒေါင် ၁ လုံးနှင့် အလျား ၁၀ ပေ၊ အနံ ၁၅ ပေရှိ သွပ်မိုး၊ထရံကာ မြေစိုက်လူနေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ ရေသယ်ယာဥ် ၁ စီး၊ သန္ဓေ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
ဂိုဒေါင်နှင့် နေအိမ်မီးလောင်မှုကြောင့် အသက် ၄၃ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် တောင်သာမြို့မရဲစခန်းက အမှုဖွင့်ထားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်ကလည်း ပျော်ဘွယ်မြို့နယ်၊ ဝါးရုံကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလျား ၂၄ ပေ၊ အနံ ၁၆ ပေရှိ သွပ်မိုး၊ ထရံကာ ပျဥ်ခင်းနေအိမ်နှင့် မီးဖိုဆောင် မီးလောင်ဆုံးရှုံးခဲ့သည်။
“အဘိုးအိုက မီးဖိုဆောင်မှာ ရေနွေးတည်သောက်ရင်း မီးဖိုမီးကြွင်းမီးကျန်ကို သေချာမငြှိမ်းခဲ့တော့ အဲ့ဒီမီးကနေတစ်ဆင့် မီးဖိုဆောင်နဲ့ အိမ်ကို မီးလောင်သွားတာ”ဟု မီးငြှိမ်းသတ်ရာတွင် ပါဝင်သူ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
မီးလောင်မှုကြောင့် အသက် ၇၂ နှစ်အရွယ် အဘိုးအိုကို ပျော်ဘွယ်မြို့နယ် ယင်းတော်နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။