
၁၃.၂.၂၀၂၅
Written By Zun
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် ရာအိမ်မှူးတစ်ဦးအပါအဝင် ၃ ဦးအား ဓာတ်ဆီဖြင့် ပက်၍မီးရှို့ခဲ့သည့် NLD ထောက်ခံသူ အမျိုးသားကို ဖမ်းဆီး၍ မရသေးကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်က ရန်ကုန် တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်၊ အမှတ် (၄၂၉) တိုက်ရှေ့စားပွဲခုံတွင် အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းကို ရပ်ကွက်အလိုက် ပြန်လည်စိစစ် ဆောင်ရွက်နေစဉ် အထက်ပါအတိုင်း ဓာတ်ဆီဖြင့် ပက်၍မီးရှို့မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။





ယင်းဖြစ်စဥ်တွင် ကြည်စုရပ်ကွက်ရာအိမ်မှူးဦးအောင်မိုး၊ ဆယ်အိမ်မှူး ဒေါ်နှင်းသီတာနှင့် ဒေါ်စန်းဝေကျော်တို့က ထိုင်ခုံဖြင့် ထိုင်လျက် စာရွက်စာတမ်းစိစစ်နေစဉ် ၎င်းတိုက်အနီးကပ်လျက် အိမ်အမှတ် (၄၃၀) နေ ဦးတင်မောင်ဇော် (ခ) ဖိုးဇော်(ဘ) ဦးမြသန်းက အရက်သေစာသောက်စားမူးယစ်လျက် ထွက်လာပြီး ၎င်းတို့ (၃)ဦးအား အသင့်ယူ ဆောင်လာသော ဓာတ်ဆီဘူးဖြင့် ပက်၍ မီးခြစ်ဖြင့် မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် စာရွက်စာတမ်းများ မီးလောင်ကျွမ်းခဲ့ပြီး ဦးအောင်မိုးပါ(၃)ဦးလည်း မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) များ ရရှိခဲ့သဖြင့် အရောင်အသွေးမဲ့မေတ္တာလူမူကူညီရေးမော်တော်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကာ လက်ရှိတွင် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ကာ အဆိုပါ သတင်းကို MT News က ဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။
“အခုက တရားခံထွက်ပြေးနေတယ်။ မမိနိုင်သေးဘူး။ဒါပေမဲ့လည်း နယ်မြေခံလုံခြုံရေးတပ်ရင်းနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အပါအဝင် တခြား အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေကြပါတယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
