
၁၃.၂.၂၀၂၅
Written By Thandar
အလိုတော်ပြည့် ဆရာတော်ဘုရားကြီးကို ဦးထိပ်ထားပြီး အိန္ဒိယနိုင်ငံ- မြန်မာနိုင်ငံဆိုင်ရာ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနဲ့ နှစ်နိုင်ငံချစ်ကြည်သံတမန်ရေးရာ တာဝန်ရှိသူတွေက ဆရာတော်အသျှင်ကုမာရနဲ့ကျောင်းရှိ သံဃာတော်အပါး ၁၀၀ ကျော်ကို အရုဏ်ဆွမ်း၊ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

“ကုန်သည်ကြီးများအသင်းက ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၁၃ ရက် ရောက်တိုင်း ရောက်တိုင်း အလိုတော် ပြည့်ကျောင်းက ကျောင်းရှိသံဃာတော်တွေကို အရုဏ်ဆွမ်း ၊ နေ့ဆွမ်းကပ်လေ့ရှိတယ်။ အိန္ဒိယရိုးရာ အစားအစာပေါ့နော်။ ဟင်းအမျိုး ၁၁ မျိုးလောက်ရှိမှာပေါ့။ ဆက်ကပ်တယ်။ ဆရာတော်နဲ့က Relationship ဖြစ်နေကြတာ ကြာ ပြီလေ။ အိန္ဒိယသံအမတ်တို့နဲ့လေ။ ဒီနေ့ဆိုရင် အိန္ဒိယကောင်စီဝန်တွေပါတယ်။ လုပ်ငန်းရှင်တွေ၊ ဗီယက်နမ် သံအမတ်တွေပါတယ်။ မြန်မာ- အိန္ဒိယသံတမန်ချစ်ကြည်ရေးအဖွဲ့ ဆေးဝါးလုပ်ငန်းရှင်အသင်းတွေက ဦးဇင်းရဲ့ ဆရာတော်ကြီးကို အရမ်းကြည်ညိုတယ်။ အလိုတော်ပြည့် ဆရာတော်ဘုရားကို ဦးထိပ်ထားပြီးတော့ ဒီနေ့ ဆွမ်းကပ် လှူကြတာပါ။ အင်မတန် ကြည်နူးပီတိဖြစ်ရပါတယ် ”လို့ ဆရာတော် အသျှင်ကုမာရက MT Entertainment ကို မိန့်တော်မူပါတယ်။

အဆိုပါ အခမ်းအနားမှာ တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေကို ဆရာတော်က နမောတဿသုံးကြိမ် ရွတ်ဖတ်ပြီး တရားတော်နာယူခဲ့ကြပါတယ်။ အဲဒီနောက် ကျောင်းတိုက်ရှိ သံဃာတော် အရှင်သူမြတ်အပါး ၁၀၀ ကျော်ကို ဆွမ်းဆက်ကပ်ခြင်း၊ နာဝကမ္မ ဆွမ်းဆန်စိမ်းလောင်းခြင်းအပြင် ဝတ္ထုငွေတွေ ထည့်သွင်းလောင်းလှူခဲ့ကြ ပါတယ်။

“ဦးဇင်းအနေနဲ့ နိုင်ငံတကာသံတမန်ရေးရာပိုင်ဆိုင်ရာတွေကလည်း အချင်းချင်း ရင်းနှီးမှုတွေယူပြီး ဘာသာရေး သာသနာရေးအပြင် ကိုယ့်လူမျိုးတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က ကူညီဖြေရှင်းပေးနေပါတယ်။ ခုလို အဖက်ဖက်က ပါဝင်ကူညီပေးကြတဲ့ သံရုံးဘက်က လူကြီးမင်းတွေကို ကူညီတင်ပါတယ် ”လို့ ဆရာတော်ကထပ်မံမိန့်ပါတယ်။
