
၁၃.၂.၂၀၂၅
Translated by Htwe Ko Tun
တရုတ်တိုင်ဝမ်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တိုင်ချွန်းမြို့ရှိ ဈေးဝယ်ကုန်တိုက်ကြီးတစ်ခုမှာ ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှုလို့ ယူဆရတဲ့ ပေါက်ကွဲမှု တစ်ရပ်ဖြစ်ခဲ့တာမှာ အနည်းဆုံး လူငါးဦးသေဆုံးပြီး တခြား ၂၀ ဦးခန့်လည်း ဒဏ်ရာတွေရခဲ့ကြတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုက စီတွန်ခရိုင်၊ ရှင်ကွန် မစ်ဆူကိုရှီ ကုန်တိုက်ကြီးရဲ့ ၁၂ ထပ်မှာ နံနက် ၁၁ နာရီ ၃၃ မိနစ်က ဖြစ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ကုန်တိုက်အတွင်းမှ လူ ၂၃၅ ဦးကို ကယ်ထုတ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အအုံနံရံနဲ့ အတွင်းဘက်အပိုင်းအစတွေ အဆောက်အအုံအပြင်လမ်းပေါ်ထိ လွင့်စင်ထွက်လာတာ တွေ့ကြရပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို အတိအကျတော့မပြောနိုင်သေးပါဘူး။ ဒါပေမယ့်ကုန်တိုက်ရဲ့ ၁၂ ထပ်ရှိ အစားအသောက်တန်းကို ပြန်လည်မွမ်းမံပြင်ဆင်နေမှု ဒါမှမဟုတ် အဲဒီက စားသောက်ဆိုင် တစ်ခုခုက ဓာတ်ငွေ့အိုးတွေအပြောင်းအလဲမှာ ဓာတ်ငွေ့ယိုထွက်မှုတို့နဲ့ ဆက်စပ် နေနိုင်တယ်လို့ ယူဆရပါတယ်။
Ref- Taipei Times
