
၁၃.၂.၂၀၂၅
Written by Shwe Phyo
၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကလေးငယ် ၇၅၀ ဦး သေဆုံး (သို့မဟုတ်) ထိခိုက်ဒဏ်ရာရခဲ့ပြီး ကလေးငယ်များ ထိခိုက်သေဆုံးမှုအရေအတွက်က ဆက်လက်မြင့်တက်လျက်ရှိနေကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်သော UNICEF က ဖော်ပြလိုက်သည်။
မြန်မာနိုင်ငံ၏ အခြေခံဝန်ဆောင်မှုများ ပြိုလဲလုနီးပါးအခြေအနေသည် ကလေးငယ်များနှင့် မိသားစုများအား အန္တရာယ်တွင်းထဲသို့ တွန်းပို့လျက်ရှိနေကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ယိုယွင်းနေပြီးဖြစ်သော ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ယခုအခါ ပဋိပက္ခများ၊ မလုံခြုံမှုနှင့်
ကျန်းမာရေးလုပ်သားများ အစုလိုက်ထွက်ခွာမှုများကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကလေးငယ်များစွာမှာ အရေးကြီးသောကျန်းမာရေးစောင့်ရှောက်မှုများ မရရှိကြောင်း UNICEF က သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံရှိ ကလေးငယ်ဦးရေ ၁ သန်းကျော်သည် အရေးကြီးသော ကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံး၌ မြန်မာနိုင်ငံသည် ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ကလေးအများအပြားရှိသော နိုင်ငံတစ်ခုဖြစ်လာနေကာ အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါများ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။
ကလေးငယ် ၅ သန်းနီးပါးသည် ပညာသင်ကြားခွင့်မရဘဲ ၎င်းတို့၏ သင်ယူလေ့လာနိုင်မည့် အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးထားရသကဲ့သို့ ပဋိပက္ခတွင် ပါဝင်သူများ၏ အတင်းအဓမ္မ လူသစ်စုဆောင်းခံရခြင်း၊ ကလေးလုပ်သားအဖြစ်အသုံးပြုခံရခြင်း၊ အသက်မပြည့်မီ/အတင်းအကြပ် လက်ထပ်ထိမ်းမြားခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းတို့အပါအဝင် ဆိုးရွားပြင်းထန်သော အန္တရာယ်များနှင့် ကြုံတွေ့နေရသည်ဟု UNICEF က ပြောသည်။

မြန်မာနိုင်ငံ၏စားနပ်ရိက္ခာမဖူလုံမှုနှင့် အာဟာရချို့တဲ့မှုများမှာ စိုးရိမ်ဖွယ်ရာအခြေအနေများအထိ ရောက်ရှိလာနေပြီး မြန်မာနိုင်ငံရှိ ကလေးငယ် ၅၅ ရာခိုင်နှုန်းမှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရကြောင်း သိရသည်။ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသည့် မိသားစုများစွာမှာ အခြေခံစားဝတ်နေရေးကို ဖြည့်ဆည်းနိုင်ရန်ပင် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။ မသန်စွမ်းကလေးငယ်များနှင့် ၎င်းတို့၏ မိသားစုများမှာလူမှုဖူလုံရေးကွန်ရက်များ ပြိုလဲခြင်းနှင့် အထူးစောင့်ရှောက်မှုများအတွက် ငွေကြေးမတတ်နိုင်ခြင်းကြောင့် အထိခိုက်အလွယ်ဆုံးသူများဖြစ်နေကြပြီး အဆိုပါကလေးငယ်များသည် ၎င်းတို့အတွက် အရေးတကြီးလိုအပ်သည့် ပံ့ပိုးမှုများ မရရှိဘဲ နေထိုင်နေကြရသည်။
ထို့အတူ ပြင်းထန်သောမုန်တိုင်းများနှင့် နှစ်စဉ်မုတ်သုံရာသီ ရေကြီးရေလျှံမှုများအပါအဝင် သဘာဝ ဘေးအန္တရာယ်များသည်လည်း မြန်မာနိုင်ငံရှိ ကလေးများကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကို ပိုမိုတိုးလာစေခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ကလေးငယ်ဦးရေ ၃ သိန်းကျော် ထိခိုက်ခဲ့ရကာ စာသင်ကျောင်းများစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု UNICEF ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာကလေးငယ်ပေါင်းများစွာမှာ အန္တရာယ်အကြီးမားဆုံး အခြေအနေသို့ ရောက်ရှိနေပြီး ချက်ချင်းအရေးယူဆောင်ရွက်မှု မပြုလုပ်ပါက
ကလေးများစွာသည် ပြန်လည်ကုစားမရနိုင်သော ထိခိုက်မှုများနှင့် ရင်ဆိုင်ရမည့် အန္တရာယ်ရှိနေကြောင်း UNICEF က သတိပေးထားသည်။
အကြမ်းဖက်မှုများ၊ နေရပ်စွန့်ခွာရမှုများနှင့် ကျန်းမာရေး၊ ပညာရေးကဲ့သို့ အရေးပါသော ဝန်ဆောင်မှုများ ပြတ်တောက်ခြင်း စသည့် ဆုံးရှုံးမှုများစွာက မြန်မာကလေးငယ်များ၏ အသက်ရှင်ရပ်တည်မှုနှင့် ကောင်းမွန်စွာ ရှင်သန်ခွင့်များကို ပြင်းထန်စွာ ခြိမ်းခြောက်လျက်ရှိနေကြောင်းလည်း သိရသည်။
Ref, UN
