
MT News
၁၃. ၂. ၂၀၂၅
KIA ဦးဆောင်ပြီး ရှမ်းနီလူမျိုးများအား သတ်ဖြတ်လုယက် စစ်သားစုဆောင်းကာ လူသားဒိုင်းများအဖြစ် လုပ်ဆောင်နေမှု ရပ်တန်းကမရပ်ပါက တူညီသောအကျိုးဆက်ခံစားရမည်ဟု SNUC/SNA (ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ (SNUC)/ ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က KIO/KIA အပါအဝင် PDF လက်နက်ကိုင်များကို သတိပေးချက် ထုတ်ပြန်ထားသည်။


KIA/PDF အပါအဝင် အခြားအကြမ်းဖက်များ၏ နယ်မြေမတရားကျူးကျော်စစ်များနှင့်အတူ မိမိတို့ဒေသတွင်း ပြည်သူလူထုအား ဖိနှိပ်မှုများ၊ အဓမ္မလူသစ်စုခေါ်ယူမှုများ၊ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိသည်။ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ တမူးမြို့နယ်၊ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ မိုးမောက်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် အင်းတော်ကြီးဒေသအပါအဝင် အေးချမ်းစွာ နေထိုင်ကြလျက်ရှိသော ရှမ်းနီလူထုနှင့် ရှမ်းနီဒေသများအား အကြမ်းဖက်များမှ ရည်ရွယ်ချက်ရှိရှိဖြင့် မတရားနယ်မြေသိမ်းတိုက်ပွဲများကို ဖော်ဆောင်၍ အဓမ္မအမှုများကို လုပ်ကြံဖန်တီးကြလျက် ရှိသည်။
ထိုအထဲတွင် နွေဦးတော်လှန်ရေးကို အကြောင်းပြုပြီး KIO ၏ ဦးဆောင်မှုဖြင့် KIA /KPDF/ HPDF/NPDF(နာဂ)/ KNA(B) ကတူး PDF များသည် ရှမ်းနီဒေသ၊ ရှမ်းနီလူမျိုးတို့အား လူမျိုးတုံး၊ ဒေသပြုန်းစေလိုသော ရည်ရွယ်ချက်ဖြင့် – ဟုမ္မလင်းမြို့နယ်၊ ဆယ်ဇင်း၊ ပါဟုတ်ကြီး၊ ရာလားကောင်းတို့အား မတရားကျူးကျော်တိုက်ခိုက်ပြီး လူနေအိမ်များအားမီးရှို့ခြင်း၊ မတရားလူသစ်စုဖမ်းဆီးခြင်း၊ ရွှေပြည်အေး၊ နားမော်၊ လောင်းမင်း၊ တီလောင်၊ မြင်သာ၊ ငိုးပင်းဒေသများအား မတရားကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မန်စီမြို့နယ်များအား မတရားကျူးကျော်တိုက်ခိုက်၍ နယ်မြေများ သိမ်းပိုက်ခြင်းများ ပြုလုပ်နေကြသည်။
ထို့အပြင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသကျေးရွာစုံမှ ကျား/မ မရွေး အိမ်ပေါ်တက်၍ လည်းကောင်း၊ လုပ်ငန်းခွင်၌ လည်းကောင်း၊ ဘာသာရေးပွဲဖြစ်သော ဘုန်းကြီးကျောင်းများတွင်လည်းကောင်း မတရားဇွတ်အတင်း လူသစ်စုဖမ်းဆီးခြင်း၊ အချို့အား ငွေကြေးများဖြင့် ရွေးယူခိုင်းခြင်းများလည်း ပြုလုပ်လျက်ရှိသည်။
အလားတူ တမူးမြို့နယ်၊ မြိုသစ်-သနန်ကျေးရွာတွင် မိသားစုလိုက်အပါအဝင် လူအစုအပြုံအလိုက်သတ်ဖြတ်ခံရခြင်း၊ ဒေသတွင်းလူထုအား မတရားလိုက်လံဖမ်းဆီးခြင်း။ ဗန်းမောက်မြို့နယ်၊ ပင်းခါး၊ ကြောင်လည်၊ မံလူး၊ မံယူ ဒေသခံကျေးရွာသားများ၊ ပညာရေးဝန်ထမ်းများအား မတရားဖမ်းဆီးခြင်း၊ ရှမ်းနီလူထုများအား မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူသစ်ရရှိရန် လယ်ယာလုပ်ငန်းခွင်မကျန် လိုက်လံဖမ်းဆီးခြင်း၊ တိုက်ပွဲများကြား ဒေသတွင်း ရှမ်းနီလူထုအား ရှေ့တန်းမှရပ်တည်စေ၍ လူသားဒိုင်း၊ လူသားတံတိုင်းသဏ္ဍာန်ဖန်တီးခြင်း၊ ကျေးရွာအတွင်း ရှမ်းနီလုထုမှ မွေးမြူထားသော ကြက်ဝက်၊ ကျွဲနွားတို့အား မတရားပစ်ခတ်စားသောက်ကြခြင်း၊ ကျေးရွာနှင့် လယ်ယာလုပ်ငန်းခွင် ပတ်ဝန်းကျင်တွင် မိုင်းများ ထောင်ထားခြင်း၊ ဆန်စပါးများအား အဓမ္မ ယူဆောင်ခြင်း၊ ကုန်သည်အချို့နှင့် ပူးပေါင်း၍ သစ်များထုတ်ယူခြင်းများကိုလည်း ကျူးလွန်လျက်ရှိသည်။
အထက်ပါဖြစ်စဥ်များအပြင် အင်းတော်မြို့နယ်တွင် ပြည်သူလူထု၏ လမ်းပမ်းဆက်သွယ်ရေးအား ဖြတ်တောက်ခြင်း၊ ကုန်ပစ္စည်းများအား မတရားအခွန်စည်းကြပ်ခြင်း၊ မတရားပိတ်ဆို့ခြင်း၊ လူသစ်စုဖမ်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းစသည့် မတရားမှုမျိုးစုံအား ကျူးလွန်လျက်ရှိသဖြင့် အဆိုပါလုပ်ရပ်များအား SNUC/SNA အဖွဲ့မှ ပြင်းပြင်းထန်ထန် (လုံးဝ) ကန့်ကွက်ရှုတ်ချပြီး အဆိုပါကျူးလွန်မှုများအား ရပ်တန့်နောက်ဆုတ်ခြင်း မရှိပါက တူညီသောအကျိုးဆက်များကို ခံစားတွေ့ကြုံကြရမည် ဖြစ်ကြောင်း သိစေအပ်သည်ဟု SNA က ကြေညာသည်။
ထို့အတူ KIA /PDF များထံ လက်နက်ကိုင်များအဖြစ် ရောက်ရှိနေကြသော မတရားစုဆောင်းဖမ်းဆီးခံ ရှမ်းနီမျိုးနွယ်များအနေဖြင့်လည်း SNUC/SNA ထံသို့ စစ်မှန်သော မိမိတို့အမျိုးသားများ အကျိုးအတွက် အမြန် ပြန်လည်ဝင်ရောက်ကြ၍ လက်တွေ့ဆောင်ရွက်နိုင်ရန် လေးနက်စွာ တိုက်တွန်းအပ်သည်ဟု SNA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။