
၁၃. ၂. ၂၀၂၅
Written by Hey Mar
တွဲကားတစ်စီး ဘရိတ်ပေါက်ကာ အထက်တန်း ကျောင်းသူတစ်ဦးကိုတိုက်မိပြီး လမ်းဘေးရပ်ထားတဲ့ ယာဉ်သုံးစီးကိုပါ ထပ်မံတိုက်မိတဲ့ဖြစ်စဉ် ရန်ကုန်မြို့၊ အောက်မင်္ဂလာဒုံလမ်းမပေါ်၊ ဖော့ကန်ရပ်ကွက်အပိုင်မှာ ဒီနေ့ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညနေသုံးနာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း ယာဉ်တိုက်ခံရသူ (Grade 12)ကျောင်းသူမှာ နေရာတင်သေဆုံးခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင် လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။ ဖြစ်စဉ် ဖြစ်ပွားတဲ့နေရာက ဖော့ကန် ကောင်းပုဂ္ဂလိက ဆေးရုံရှေ့မှာ ဖြစ်ပွားခဲ့ပြီး၊ ဆေးခန်းရှေ့ရပ်ထားတဲ့ လူနာတင်ယာဉ်နဲ့၊ ဆေးခန်းထိုင်တဲ့ ဆရာဝန်တွေရဲ့ ယာဉ်နှစ်စီးကို တွဲကားက အရှိန်လွန်တိုက်မိတာလို့ သိရပါတယ်။

ကနောင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “အတိုက်ခံရတဲ့ ကောင်မလေးက ကိုယ်ပိုင် အထက်တန်းကျောင်းက အထက်တန်းတက်နေတဲ့ ကျောင်းသူပါ။ လမ်းဘေးက လမ်းလျှောက်လာတာကို တွဲကားက ဘရိတ်ပေါက်ပြီး နောက်ဘီးနဲ့ ချိတ်ပါသွားတာ။ ဦခေါင်းပြားသွားတာပေါ့။ လမ်းပေါ်တစ်စစီဖြစ်နေတာကို သေချာကောက်ယူ ထုပ်ပိုးပြီး အင်းစိန်ဆေးရုံဆီ ပို့ဆောင်ပေးခဲ့ပါတယ်”လို့ MT News ကို ပြောပါတယ်။

တွဲကားမှာ သံချောင်းတွေတင်ဆောင်လာပြီး ယာဉ်မောင်းနှင်သူကိုလည်း ဆေးရုံမှလုံခြုံရေးဝန်ထမ်းတွေက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကာ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီ အပ်နှံခဲ့တယ်လို့ သိရပါတယ်။
