◾ ခြောက်လသက်တမ်း ထပ်မံတိုးမြှင့်ထားသည့် ကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန်ပါ မှာကြား

၁၁. ၂. ၂၀၂၅
Written by Nyein Kyaw
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် တစ်ဦးလျှင် တစ်လ ကျပ် ၂ဝ,ဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမဆောင်၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့် ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ်သတ်မှတ်ချက်များတွင် အကျုံးဝင်သောကြောင့် နိုင်ငံတော်အနေဖြင့် အကြမ်း ဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေများကို တစ်ဦးလျှင် တစ်လငွေကျပ် ၂ဝ,ဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေ စာရင်းအမှတ်များသို့ လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် သက်ဆိုင်ရာနယ်မြေများအလိုက် ယာယီနေရပ် စွန့်ခွာနေရသူများ အားလုံးပါဝင်မှုရှိစေရေး၊ စာရင်းတွင်မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုကောက်ယူရရှိထားသည့် စာရင်းတွင်မပါဝင်ဘဲ ထပ်မံကောက်ယူရရှိလာမည့် ယာယီနေရပ်စွန့်ခွာနေရသူများ၏ စာရင်းကိုလည်း စိစစ်ကောက်ယူ၍ ထပ်မံတင်ပြ တောင်းခံသွားရန်နှင့် စနစ်တကျစိစစ်ထောက်ပံ့ ပေးသွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။




မိမိတို့အနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ တာဝန်ထမ်းဆောင်ခွင့်ကို ၆ လ သက်တမ်းထပ်မံတိုးမြှင့်ခဲ့ရကြောင်း၊ ယခု ၆ လတာကာလအတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း မိမိတို့တာဝန်ယူထားရသည့် ဒေသများအလိုက် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း SAC ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရရှိရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရန်လိုကြောင်း၊ နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များ ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လွှတ်တော် ၃ ရပ်အတွက် ရွေးကောက်တင်မြှောက်မှုများကို ဥပဒေနှင့် အညီဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
