



၉.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆုကို မင်း သားကြီး ကြည်စိုး၊ အကယ်ဒမီ ဝါဝါဝင်းရွှေ၊ အကယ်ဒမီ ဒါရိုက်တာ မောင်နှင်းမိုး၊ ထပ်ဆင့်အကယ်ဒမီ ခင်သန်းနု တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
“စိတ်၏ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့။ ဝမ်းသာပီတိဖြစ်လို့ မဆုံးပါဘူး။ ကျေးဇူးတင်သင့်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ပရိသတ်တွေ အားလုံး ထမင်းရှင်တွေအားလုံး ဒီအခြေအနေရောက်အောင် အားပေးကူညီပေးကြတဲ့ ခုနစ်ရက်သားသမီး ပရိသတ်တွေကို အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘေးရန်ခပ်သိမ်းကင်းရှင်းကြပါစေ ကင်းငြိမ်းကြပါစေလို့ ပြောချင်ပါတယ် ”လို့ သရုပ်ဆောင် ကြည်စိုးက ပြောပါတယ်။




ရုပ်ရှင်တစ်သက်တာဆုတွေကို ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အိတ် ဖောက်ဖွင့်ပြီး ကြေညာပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးမှူးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇနီးမောင်နှံက တစ်သက်တာဆုရှင်တွေကို ဆုတွေ ချီးမြှင့်ပေးအပ်ခဲ့တာလည်းဖြစ်ပါတယ်။
“ရင်တွေတုန်လွန်းလို့ပါ။ အရမ်းကို ကျေးဇူးတင်ပါတယ်။ ပေးအပ်ခဲ့တဲ့ တာဝန်ရှိသူလူကြီးတွေ မြန်မာနိုင်ငံ ရုပ်ရှင် ဥက္ကဋ္ဌတွေ ၊ နာယကကြီးတွေ။ အသက် ၈၃ နှစ်ရှိပါပြီ။ ရုပ်ရှင်သက် ၆၄ နှစ်ရှိပါပြီ။ အန်တီဝါက အသက်ခန္ဓာတည်မြဲနေသ၍ လုပ်ဆောင်သွားမှာပါ”လို့ အကယ်ဒမီ ဝါဝါဝင်းရွှေက ပြောပါတယ်။
“ဒီဆုကြီးကို ရတုန်းမှာ သေသေချာချာ အပိုင် ကိုင်ထားရမယ်။ အမှတ်တရအနေနဲ ကိုင်ထားရမယ်။ နိုင်ငံစီမံအုပ်ချုပ်ရေးမှူးတွေကို ကျေးဇူးတင်ပါတယ်။ ခင်သန်းနု စိတ်ကူးလေးအကောင်အထည်ပေါ် သွားပါပြီ။ စုပေါင်းညီညွှတ်စွာပေးထားလို့ ဝမ်းသာစရာ ကောင်းပါတယ်ရှင့်” လို့ အကယ်ဒမီ ခင်သန်းနုက ပြောပါတယ်။