
၇.၂.၂၀၂၅
Written by Hey Mar
မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမကြီးဘေး၊ ပရိုဝမ်းရှေ့ရှိ ဇော်ရှော့ဘားပြုပြင်ရေးဆိုင်အပါအဝင် ကားနဲ့ပတ်သက်တဲ့ ပြုပြင်ရေးဆိုင်တချို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် ညနေ ၃နာရီ ၃၈ မိနစ်ခန့်က ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ် ။

မီးစတင်လောင်ကျွမ်းတာက ဇော် ရှော့ဘားပြုပြင်ရေးဆိုင်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆိုင်ခန်းတွေက ကျဉ်းတဲ့အတွက် ပစ္စည်းသယ်ယူရှောင်တိမ်းချိန်မရရှိခဲ့ဘဲ လူတွေမှာတော့ အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ လောကဟိတဝဟ လူမှုကူညီရေးအသင်းတာဝန်ရှိသူက “အဲ့ဒီနားက ကားပစ္စည်းနဲ့ သက်ဆိုင်တဲ့ ဆိုင်တွေများတယ်။ တာယာဆိုင်၊ ရှော့ဘားဆိုင်နဲ့ ကားအဲကွန်းပြုပြင်တဲ့ ဆိုင်တွေ ပါသွားတယ်။ မီးသတ်နဲ့ ပရဟိတရော၊ ပြည်သူ ထိခိုက်မှုရော မရှိခဲ့ပါဘူး” လို့ MT News က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။




အဆိုပါ မီးလောင်ကျွမ်းမှုကိုLevel -1 အဆင့် ခေါ်ယူ ငြှိမ်းသတ်ခဲ့ရပြီး၊ နယ်မြေခံမီးသတ်တပ်ဖွဲ့တွေနဲ့ ဌာနချုပ် မီးသတ်တပ်ဖွဲ့ ဖိုက်တာယာဉ်တွေ၊ ပရဟိတ အသင်းအဖွဲ့ တွေ၊ ကြက်ခြေနီ၊ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကူညီငြှိမ်းသတ်ရာ ညနေ ၄ နာရီခန့်မှာ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သက်ဆိုင်ရာက မီးလောင်ကျွမ်းရမှု ဖြစ်စဉ်ကြောင့် ဆုံးရှုံးမှုတန်ဖိုးကို စိစစ်တွက်ချက်နေဆဲဖြစ်ကာ၊အသေးစိတ်ကို စုံစမ်းစစ်ဆေးနေပြီး၊ ဆက်လက်အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-လောကဟိတာဝဟ လူမှုကူညီရေးအသင်း
