
၇. ၂. ၂၀၂၅
Translated by Thettant
ဘရာဇီးနိုင်ငံ မြို့တော် ဆော်ပိုလိုပေါ်လမ်းပေါ် လေယာဥ်ငယ်တစ်စီးပျက်ကျမှုကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးခဲ့သလို လေယာဥ်ငယ်က လူစည်ကားရာလမ်းပေါ်သွားလာနေသည့် ဘတ်စ်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းပါဖြစ်ခဲ့၍ မီးအကြီးအကျယ်လောင်ကျွမ်းမှုလည်း ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဥ်မှာ ဆော်ပေါ်လိုမြို့၊ ဘာရာဖန်ဒါရှိ Avenida Marques de Sao Vicente တွင် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၂၀ ခန့်က King Air F90 လေယာဉ်ငယ်သည် အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းနေစဉ် လူစည်ကားရာလမ်းပေါ်ရှိ မြေပြင်ပေါ်မှ ဘတ်စ်ကားနှင့် ပျက်ကျတိုက်မိခဲ့ကြောင်း News.Az ၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ လေယာဉ်သည် Campo de Marte လေဆိပ်မှ ဘရာဇီးလ်နိုင်ငံ Rio Grande do Sul ပြည်နယ်ရှိ Porto Alegre သို့ ဦးတည်ထွက်ခွာပြီး ငါးမိနစ်အကြာတွင် အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းသော်လည်း ပျက်ကျခဲ့ခြင်းဖြစ်သည်။
လေယာဥ်က အရေးပေါ်ဆင်းသက်ရန် ကြိုးစားစဥ် ဘတ်စ်ကားပေါ်ကျရာမှ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သလို အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့သည်ဟု မီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဒေသတွင်း မီဒီယာများသို့ အတည်ပြုခဲ့သည်။
ထို့အပြင် မီးလောင် ပေါက်ကွဲမှုကြောင့် မော်တော်ဆိုင်ကယ်စီးသူနှစ်ဦးနှင့် ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း CNN Brasil သတင်းဌာနက ဖော်ပြခဲ့သည်။
ရှစ်ဦးဆံ့သည့် အပေါ့စား လေယာဉ်ပေါ်တွင် လူနှစ်ဦးလိုက်ပါခဲ့ကြောင်း မီးသတ်သမားများက အတည်ပြုခဲ့သည်။ လေယာဉ်ပျက်ကျသည့်နေရာကို ပိတ်ဆို့ကာကွယ်ထားပြီး ရဲနှင့် ဘရာဇီးလေတပ်နှစ်ခုစလုံးသည် လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။
Ref. New AZ, Sky News, Reuters
