ပုံစာ။ UNESCO က ဖော်ပြထားသည့် မြန်မာ့သနပ်ခါးပုံရိပ်များ။
MT News
၆. ၂. ၂၀၂၅
မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ဖြစ်လာစေရေး ယခုနှစ်တွင် UNESCO တင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။


ထိုသို့ တင်သွင်းနိုင်ရန် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar) နှင့် ပတ်သက်ပြီး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည့် အချက်အလက်များနှင့်စပ်လျဉ်း၍ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ပညာရှင်အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ Virtual Online System ဖြင့် ကျင်းပခဲ့ရာ ဦးတင်ဦးလွင်အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စိစစ်ရေးပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်၊ မန္တလေးတို့မှ တာဝန်ရှိသူများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။


၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရာတွင် ဘက်စုံထောင့်စုံ ပြည့်ပြည့်စုံစုံဖြင့် ဟာကွက်မရှိအောင် ရေးသားပြုစုပြီး တင်သွင်းသွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားများ နှစ်သက်ခုံမင်စွာဖြင့် ရှေးနှစ်ပေါင်းများစွာကတည်းက အစဉ် အဆက်သုံးစွဲလာခဲ့သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယခုနှစ်တွင် UNESCO တင်သွင်းမည်ဖြစ်ကြောင်း၊ မြန်မာတိုင်းရင်းသားများသာမက မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် အခြားလူမျိုးများပါ သနပ်ခါးကို နှစ်ခြိုက်စွာ အသုံးပြုကြကြောင်း၊ နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းသည့်အနေဖြင့် နိုင်ငံတော်အစိုးရကလည်း နှစ်စဉ်တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၂၅ ခုနှစ် မတ် ၃၁ ရက်မတိုင်မီ ယူနက်စကိုအဖွဲ့သို့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းမည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့” (Practice of Thanakha Culture in Myanmar)ကိုလည်း မြန်မာ့ရိုးရာအတာသင်္ကြန်ကဲ့သို့ အောင်မြင်စွာဖြင့် တင်သွင်းနိုင်ရေးလစ်ဟာမှုမရှိရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးတင်ဦးလွင်က ပြောကြားသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များကို UNESCO ၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်လာစေရန် ၁၉၉၆ ခုနှစ်မှ စတင်ကြိုးပမ်းခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင်မှ ပျူမြို့ဟောင်းသုံးမြို့၊ ၂၀၁၉ ခုနှစ်တွင် ပုဂံနှင့် ၂၀၂၄ ခုနှစ်တွင် အတာသင်္ကြန်တို့ကို မြန်မာ့ ဒြပ်ရှိဒြပ်မဲ့ အမွေအနှစ်စာရင်းဝင်များအဖြစ် UNESCO က အသိအမှတ်ပြုပေးခဲ့သည်။
