၆.၂.၂၀၂၅.
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စက် ပေတုံတန် ရှင်နာဝပ်ထရာကို ပီကင်းမြို့မှာရှိတဲ့ Great Hall of the People အဆောက်အအုံမှာ ဖေဖော်ဝါရီလ ၆ ရက်က လက်ခံတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ထိုင်းလူမျိုးတွေကို ပစ်မှတ်ထားခံနေရတဲ့ ခေါ်ဆိုရေးစခန်းတွေနဲ့ အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းတွေကို အဆုံးသတ်စေဖို့ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကို ပေတုံတန်က သူ့ရဲ့တရုတ်နိုင် ငံခရီးစဉ်အတွင်း တရုတ်အစိုးရနဲ့ အစပျိုးဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေတုံတန်က ဖေဖော်ဝါရီလ ၆ ရက်မှာ သမ္မတ ရှီ၊ အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ ကျောက်လီဂျီတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးကြမယ်လို့လည်း ပြောခဲ့ပါတယ်။
ပေတုံတန်က ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံမှလာရောက်သူတွေအပါအဝင် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူအားလုံးကို လုံခြုံစိတ်ချမှုရှိစေဖို့ အကာအကွယ်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။ သူက ထိုင်းနိုင်ငံအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လို့ သတင်းမှားတွေဖြန့်ဝေမှုပြုနေတဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ဝင်ရောက်စစ်ဆေးဖို့ တရုတ်အစိုးရကို တောင်းဆိုမယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် အွန်လိုင်းလိမ်လည်မှုကျားဖြန့်စခန်းတွေနဲ့ တခြားဒုစရိုက်လှုပ်ရှားမှုတွေကို အဆုံးသတ်စေဖို့ ဆောင်ရွက်ရာမှာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်မှုရဲ့ အရေးကြီးမှုကိုလည်း အလေးထားဆွေးနွေးသွားမှာပါ။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ နည်းပညာအထောက်အပံ့လိုအပ်တယ်လို့လည်း သိရပါတယ်။
ပေတုံတန်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြားနားလည်မှုစာချွန်လွှာ အနည်းဆုံး ၁၄ ခုလက်မှတ်ရေးထိုးသွားကြမှာပါ။ ဒီထဲမှာ တရုတ်-ထိုင်း မြန်နှုန်းမြင့် ရထားလမ်းဖောက်လုပ်မှုကို အပြီးသတ်ဆောင်ရွက်ဖို့နဲ့ အဲဒီရထားလမ်းကို အိမ်နီးချင်းလာအိုနိုင်ငံကနေ ဆက်သွယ်သွားကြဖို့ဆိုတဲ့ နားလည်မှုစာချွန်လွှာလည်း ပါဝင်ပါတယ်။ ဒါ့ပြင် ထိုင်းနိုင်ငံရဲ့ ကုန်းတွင်းတံတား Land Bridge စီမံကိန်းကြီးနဲ့ပတ်သက်လို့လည်း တရုတ်နိုင်ငံကိုဆွေးနွေးသွားမယ်လို့လည်း ပေတုံတန်က ပြောခဲ့ပါတယ်။
Ref- Bangkok Post
