
◾ ထိုင်းအစိုးရက လျှပ်စစ်သာမက အင်တာနက်ပါဖြတ်တောက်လိုက်ပြီး ခိုးယူ သုံးစွဲမှုမဖြစ်စေရန် စစ်တပ်ကိုပါ တပ်ဖြန့်ထား
၅. ၂. ၂၀၂၅
Translated by Thettant
မြန်မာနိုင်ငံဘက်ခြမ်းမှ ကျားဖြန့်ဂိုဏ်းများအသုံးပြုနေသည်ဆိုကာ ထိုင်းနိုင်ငံက ဘုရားသုံးဆူ၊ တာချီလိတ်နှင့် မြဝတီတို့ကို လျှပ်စစ်မီးပေးမှု ယနေ့စတင်ဖြတ်တောက်လိုက်သဖြင့် ထိုင်းဘတ် သန်း ၅၀ ခန့် လစဥ်ဆုံးရှုံးရမည်ဟု ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က ပြောကြားသည်။



ထိုင်းနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေသည့် ကျားဖြန့်ရာဇ၀တ်ဂိုဏ်းများက ထိုင်းနိုင်ငံမှ ပေးပို့သည့် လျှပ်စစ်ကို သုံးစွဲကြောင်း တွေ့ရှိပြီးနောက် ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) က မြန်မာနိုင်ငံဘက်ခြမ်းသို့ ရောင်းချပေးထားသည့် နေရာငါးခုစလုံးကို လျှပ်စစ်မီးဖြတ်တောက်လိုက်ခြင်းဖြစ်ပြီး PEA အနေဖြင့် စာချုပ်ချိုးဖောက်မှုနှင့် နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိလျှင် ထောက်ပံ့မှုကို ရပ်ဆိုင်းနိုင်သည်ဆိုသည့်အချက်ဖြင့် ဖြတ်တောက်ခဲ့ခြင်းလည်းဖြစ် သည်။
PEA သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ထောက်ခံချက်ရရှိထားသည့် ကုမ္ပဏီငါးခုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိပြီး အဆိုပါကုမ္ပဏီများမှာ မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ မွန်ပြည်နယ် ဘုရားသုံးဆူ၊ Allure Group (P&E) မှ မိုင်းတုံ-တာချီလိတ်မြို့နယ်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ( တာချီလိတ်)၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ (မြဝတီ)နှင့် ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ကရင်ပြည်နယ် မြဝတီဒေသတို့ကို လျှပ်စစ်မီးပေးနေခြင်းဖြစ်ပြီး ယနေ့ နံနက် ၉ နာရီမှ စတင်ကာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။



PEA ကို ကြီးကြပ်သည့် ပြည်ထဲရေးဝန်ကြီး Anutin Charnvirakul က လျှပ်စစ်ဓာတ်အားဖြတ်တောက်မှုသည် နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်စေသည်ဟု NSC ၏ တွေ့ရှိချက်နောက်တွင် ရာဇ၀တ်မှုကျူးလွန်သည့်အဖွဲ့များက လျှပ်စစ် ထောက်ပံ့မှုကို သုံးစွဲနေသည်ဟု ဆိုခဲ့သည်။
ထို့အတွက် မဂ္ဂါဝပ် ၂၀ ခန့် မြန်မာဘက်ခြမ်းသို့ လျှပ်စစ်ပေးပို့မှု ဖြတ်တောက်ခဲ့သဖြင့် ထိုင်းနိုင်ငံအတွက် ဝင်ငွေ တစ်လလျှင် ဘတ် သန်း ၅၀ သို့မဟုတ် တစ်နှစ်လျှင် ဘတ် သန်း ၆၀၀ ခန့် ဆုံးရှုံးခဲ့ကြောင်း Anutin က ဆက်လက်ပြောသည်။
ထို့အပြင် အမျိုးသားရုပ်သံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင်က မြန်မာဘက်ခြမ်းမှ အင်တာနက် အသုံးပြုခွင့် အားလုံးကိုပါ ထပ်မံဖြတ်တောက်လိုက်ပြီဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ပြန်လည်ချိတ်ဆက်မှုများ ဖြစ်နိုင်သော်လည်း ယင်းကို တားဆီးရန် ထိုင်းစစ်တပ်ကို တပ်ဖြန့်ထားသည်ဟု သိရသည်။
Ref, Thai Enquirer