
၅. ၂. ၂၀၂၅
Written by Nay Moe
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်မှ လက်နက်မဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား PDF နှစ်ဖွဲ့ပေါင်းကာ ယမန်နေ့ နံနက်ပိုင်းက သတ်ဖြတ်လိုက်ကြသည်ဟု ကျူးလွန်ရာတွင်ပါဝင်သည့် PDF အဖွဲ့တစ်ခုဖြစ်သော Dragon Brothers GBK PDF အဖွဲ့က ယနေ့တွင် ဝန်ခံလာသည်။

ဖြစ်စဥ်မှာ ကြို့ပင်ကောက်မြို့နယ်၊ ကန်ဦးအုပ်စု အုပ်ချုပ်ရေးမှူးဆိုသူ ဦးထွန်းအောင်အား ယမန်နေ့ မနက် ၁၁ နာရီတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ (၁)၊ Dragon Brothers GBK နှင့် တပ်ရင်း ၃၈ဝ၁၊ တပ်ခွဲ (၁) YOMA GBK တို့ ပူးပေါင်း၍ သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။
ဦးထွန်းအောင်သည် လယ်သမားနှင့် လက်လုပ်လက်စားတို့အား ကျပ် ၄၀၀၀၀၊ ကျပ် ၈၀၀၀၀ စသည်ဖြင့် ငွေကြေးစုဆောင်းပြီး PDF တပ်ဖွဲ့ အမည်တပ်ခြင်း၊ ပြည်သူတို့၏ ပစ္စည်းများကို အဓမ္မသိမ်းယူရာတွင် တစ်ဝက်စားပါဝင်ဆောင် ရွက်ခြင်း၊ ငွေကြေးအဆမတန်တောင်းခံပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းများနှင့် ရင်းတိုက်ကွင်းကျေးရွာအား စစ်မှုထမ်းပေါ်တာ ဝင်ဆွဲရာတွင် လက်ထောက်ချခြင်းတို့ကို ပြုလုပ်သူဖြစ်သဖြင့် သတ်ဖြတ်သည်ဟု ကျူးလွန်သည့် PDF နှစ်ဖွဲ့က အကြောင်းပြချက်ပေးသော်လည်း MT News ကမူ ထိုစွပ်စွဲချက်တို့ မှန် မမှန် မြေပြင်အတည်မပြုနိုင်ချေ။

ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြားကို PDF တို့က လုပ်ကြံသတ်ဖြတ်မှုများသည့်တိုင်းတစ်ခုဖြစ်သော်လည်း ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။ ထို့အတူ နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ်အကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၁၀၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှု ခံထားရသည်။