၅.၂.၂၀၂၅.
Translated by Htwe Ko Tun
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စက်ပေတုံတန် ရှင်နာဝပ်ထရာနဲ့ အစိုးရအဖွဲ့ဝင်ရှစ်ဦးပါဝင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်မှာ အကြောင်းကိစ္စရပ်အများအပြားအတွက် အဓိကကျတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ပေတုံတန်နဲ့အဖွဲ့ရဲ့ ဖေဖော်ဝါရီလ ၅ ရက်မှ ၈ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဥ်အတွင်းမှာ နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ ၁၅ ခု လက်မှတ်ရေးထိုးသွားမယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
အဆိုပါချစ်ကြည်ရေးခရီးစဉ်က ထိုင်း-တရုတ် သံတမန် ဆက်သွယ်မှု အနှစ် ၅၀ ပြည့်မြောက်တဲ့အထိမ်းအမှတ်လည်းဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာယူ ဟောင်ဆပ်က ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောခဲ့ပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းအပြင် ရင်းနှီးမြုပ်နှံမှု၊ စီးပွားရေး၊ ပညာရေး၊ ဉာဏ်ရည်တု နည်းပညာနဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးကြမယ်လို့လည်း ဂျီရာယူက ပြောခဲ့ပါတယ်။
ချစ်ကြည်ရေးခရီးစဉ်မှာ ဝန်ကြီးချုပ်နဲ့အတူ လိုက်ပါမယ့်အဖွဲ့ဝင်တွေမှာ ဒုတိယဝန်ကြီးချုပ်နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျန်ရန်ရင်ကစ်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနျူတင် ချန်ဗီရာကူလ်၊ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ပီချိုင်း ချွန်ဟာဗာ ဂျီရာ၊ ဒုတိယဝန်ကြီးချုပ်နဲ့ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဝန်ကြီး ပရာဆတ် ဂျန် တာရာရွန်တွန်၊ နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာ၊ကမ္ဘာလှည့်ခရီးသွားနှင့် အားကစားဝန်ကြီး ဆိုရာဝန် တီယန်တွန်၊ လူမှုရေးရာဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားလုံခြုံမှုဆိုင်ရာဝန်ကြီး ဗာရဝပ် ဆီလ်ပါ-အာချာနဲ့ စိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီး နာရူမွန် ပင်ယိုဆင်ဝပ်တို့ လိုက်ပါကြမယ်လို့ သိရပါတယ်။
ဂျီရာယူက ခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ် ပေတုံတန်အနေနဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၊ ဝန်ကြီးချုပ် လီကျင့်တို့နဲ့အတူ နှစ်နိုင်ငံအဖွဲ့တွေရဲ့ နားလည်မှုစာချွန်လွှာ ၁၅ ခု လက်မှတ် ရေးထိုးပွဲတွေကို တက်ရောက်မယ်လို့ ပြောခဲ့ပါတယ်။
ဒီ နားလည်မှုစာချွန်လွှာတွေထဲက ခုနစ်ခုကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုပြီးဖြစ်တယ်လို့ သိရပြီး သူတို့က ရေထွက်ကုန်တင်ပို့မှုတွေ၊ ဉာဏ်ရည်တုနည်းပညာ၊ အဆင့်မြင့်ပညာရေး၊ စာတိုက်လုပ်ငန်းတွေ၊ ဒစ်ဂျစ်တယ်စီးပွားရေးမှာ ရင်းနှီးမြုပ်နှံမှုနဲ့ ပြည့်ဖြိုးမြဲစွမ်းအင်တို့နဲ့ ပတ်သက်နေပါတယ်။
ကျန်တဲ့ နားလည်မှုစာချွန်လွှာရှစ်ခုကတော့ အသေးစားဖြစ်ပြီး များစွာအရေးမကြီးတာကြောင့် အစိုးရအဖွဲ့ရဲ့ အတည်ပြုမှုမလိုဘူးလို့ သိရပါတယ်။
ပေတုံတန်နဲ့အဖွဲ့ဟာ တရုတ်သမ္မတ ရှီ၊ ဝန်ကြီးချုပ်လီကျင့်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လယ်ဂျီတို့နဲ့ ဖေဖော်ဝါရီလ ၆ ရက်မှာ တွေ့ဆုံ ဆွေးနွေးကြပြီး ညပိုင်းမှာ တရုတ်ဝန်ကြီးချုပ်နဲ့ အစိုးရအရာရှိတွေက ထိုင်းဝန်ကြီးချုပ်ပေတုံတန်နဲ့အဖွဲ့ကို ညစာစားပွဲနဲ့ဧည့်ခံမယ်လို့လည်း သိရပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်မှာတော့ ထိုင်းဝန်ကြီးချုပ်ပေတုံတန်က တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟေလုံဂျန်ပြည်နယ်၊ ဟာဘင်မြို့မှာကျင်းပမယ့် ကိုးကြိမ်မြောက် ဆောင်းရာသီအာရှအားကစားပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့ ဂျီရာယူကဆက်လက်ပြောခဲ့ပါတယ်။
Ref- Nation Thailand
