၅.၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်တလျှောက်ရှိ နေရာ ၅ ခုတွင် လျှပ်စစ်၊ အင်တာနက်နှင့် လောင်စာဆီ ထောက်ပံ့မှုကို ယနေ့ ဖေဖော်ဝါရီ ၅ ရက်မှ နံနက် ၉ နာရီမှ စတင်ကာ ဖြတ်တောက်လိုက်ပြီး နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတိုက်ဖျက်ရေး အထူးသဖြင့် နစ်နာကြေး ဘီလီယံနှင့်ချီသော ကျားဖြန့်ခေါ် အွန်လိုင်းခေါ်ဆိုလိမ်လည်မှု (Call Center)များကို နှိမ်နင်းရန် မကြုံစဖူး လှုပ်ရှားမှုတစ်ခုကို ယနေ့ စတင်ခဲ့ခြင်းအဖြစ်လည်း ဖော်ပြခဲ့သည်။
ဖေဖော်ဝါရီ ၄ ရက်က အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးအပြီးတွင် ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဖန်သမ် ဝီချရာချိုင်းက လျှပ်စစ်ထောက်ပံ့ရေးဖြတ်တောက်မှုများကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ပြီး အဆိုပါ လိမ်လည်လှည့်ဖြားမှုများကြောင့် လူပေါင်း ၅၅၇,၅၀၀ ကျော် ထိခိုက်နစ်နာခဲ့ကာ နေ့စဥ် ဘတ် သန်း ၈၀ ခန့်နစ်နာသည့် ဘတ်ငွေ ၆၈ ဘီလျံခန့် ဆုံးရှုံးခဲ့ရသည်။
ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာကလည်း အစိုးရအဖွဲ့ အစည်းအဝေးအပြီး လုပ်ဆောင်ချက်ကို အလေးအနက် ထောက်ခံခဲ့သလို “ကျွန်မမှာ ဘာတုံ့ဆိုင်းမှုမှ မရှိပါဘူး။ ကျွန်မတို့ ပြည်သူတွေကို အရင်ဆုံး ဂရုစိုက်ရမယ်” ဟု အခိုင်အမာ ပြောကြားခဲ့သလို “ထိုင်းပြည်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်အပေါ် သက်ရောက်မှုက ကြီးမားပါတယ်။ ပြတ်ပြတ်သားသား အရေးယူရမယ့် အချိန်ရောက်ပါပြီ”သူမ တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၅ ရက်မှ ၈ ရက်အထိ သွားရောက်မည့် တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံမည့်ခရီးစဥ် မထွက်ခွာမီ ကျားဖြန့်ဂိုဏ်းများထံ လျှပ်စစ်ပေးဝေနေမှုဖြတ်တောက်မည့်အပေါ် ပြောကြားသည်။
မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူမှ နေရာတစ်ခု၊ တာချီလိတ်မှ နေရာနှစ်ခုနှင့် မြဝတီမှ ကျားဖြန့်နာမည်ပျက် ရွှေကုက္ကိုလ်နှင့် KK Park တို့ကို ထိုင်းနိုင်ငံက လျှပ်စစ်ဓာတ်အား အဆမတန် အမြတ်တင်ရောင်းချခြင်းဖြစ်ပြီး အဆိုပါရောင်းချမှုမှ လစဥ် ထိုင်းဘတ်သန်းရာချီ အကျိုးအမြတ်ရရှိနေသလို ထိုနေရာငါးခုစလုံးမှာ ကျားဖြန့်ခေါ် အွန်လိုင်းခေါ်ဆိုလိမ်လည်မှုစင်တာများနှင့် ချိတ်ဆက်နေသည်ဟု ထိုင်းသတင်းများက ရေးသားကြသည်။
အဆိုပါ လုပ်ဆောင်ချက်သည် ထိုင်းအာဏာပိုင်များနှင့် တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ပြည်သူ့လုံခြုံရေးဝန်ကြီး Liu Zhongyi တို့အကြား မကြာသေးမီက အဆင့်မြင့် ဆွေးနွေးမှုများအပြီးတွင် ကျားဖြန့်ပြဿနာကို နိုင်ငံတကာသိရှိအောင် မီးမောင်းထိုးပြခဲ့သလို အဆိုပါ ရာဇ၀တ်မှုများကြောင့် သိသိသာသာ ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည့် တရုတ်နိုင်ငံကလည်း သတင်းအချက်အလက် မျှဝေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။
ထိုင်းအာဏာပိုင်များသည် ရေဘေးသင့်ဒေသများရှိ ကျန်းမာရေးစောင့်ရှောက်မှုဌာနများနှင့် ညှိနှိုင်းကာ လျှပ်စစ်ဖြတ်တောက် ပိတ်ပစ်ရန် ပြင်ဆင်လျက်ရှိပြီး ထိုင်းနိုင်ငံ၏ ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် မြန်မာလိုင်စင်ရ ကုမ္ပဏီအများအပြားကို ထိခိုက်စေသည့် အရေးယူမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာအစိုးရထံ အကြောင်းကြားမည်ဖြစ်သည်။
အဆိုပါ မြန်မာဘက်ခြမ်းမှ တရုတ်ကျားဖြန့်ဆက်နွှယ်ဒေသငါးခုဆီ မီးပေးနေမှုများကို မြပန်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ မွန်ပြည်နယ် ဘုရားသုံးဆူ၊ Allure Group (P&E) မှ မိုင်းတုံ-တာချီလိတ်မြို့နယ်နှင့် ထိုင်း-မြန်မာချစ်ကြည်ရေးတံတား (တာချီလိတ်)၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd မှ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ (မြဝတီ)နှင့် ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ ကရင်ပြည်နယ် မြဝတီဒေသတို့ကို လျှပ်စစ်မီးပေးနေခြင်းဖြစ်ပြီး ယနေ့ နံနက် ၉ နာရီမှ စတင်ကာ လျှပ်စစ်မီးဖြတ်တောက်သည်ဟုဆိုသလို မြန်မာဘက်ခြမ်းမှ ဒေသခံများအကြားတွင်လည်း လျှပ်စစ်စွမ်းအင်ပြတ်တောက်မှုကြောင့် လောင်စာဆီဝယ်ယူသိုလှောင်မှုများဖြင့် ဂယက်ရိုက်နေသည်ဟု ထိုင်းသတင်းများက ဖော်ပြနေကြသည်။
မြန်မာနိုင်ငံမှ လျှပ်စစ်မီးဖြတ်တောက်သဖြင့် တုံ့ပြန်ခြင်း ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ် နှစ်ဦးစလုံးက အဆိုပါ ဆုံးဖြတ်ချက်အပေါ် ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ကျားဖြန့်ဂိုဏ်းများကို နိုင်ငံတကာနှင့် ပူးပေါင်းဖြေရှင်းရမည့် ပြဿနာ၏ သဘောသဘာဝကို နားလည်သော မြန်မာအာဏာပိုင်များနှင့် ယခင်က ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သလို ထိုင်းအာဏာပိုင်များက တရားမဝင် ဓာတ်အားလိုင်းများ သွယ်တန်းရန် ကြိုးပမ်းမှုများကို တားဆီးရန် နယ်စပ် ခရိုင် ၅၁ ခုတွင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။
Ref, Khaosod
