
၅.၂.၂၀၂၅
Written by Hey Mar
မန္တလေး – မုံရွာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်ငယ်တစ်စီး ချောင်းကူးတံတားငယ်အောက် ထိုးကျခဲ့တာကြောင့် ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ အိုးဘိုကျန်းမာရေးနှင့် Rescue အသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။



ဖြစ်စဉ်က အဆိုပါ မန္တလေး – မုံရွာ ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်ငယ်လိုင်းမှ ဟွန်ဒါဖစ်အမျိုးအစားယာဉ်ငယ်နှစ်စီးတွဲလျှက် မန္တလေးကနေ မုံရွာဘက်ဆီ ရှေ့နောက်ထွက်လာကြစဉ် စစ်ကိုင်းမြို့နယ်၊ ရွှေပြည့်စုံဆီဆိုင်အလွန် ချောင်ကူးတံတားပေါ်မဖြတ်ခင်မှာ လမ်းဘေးအကာအရံဖြူနီကျားတိုင်တွေကို တိုက်မိပြီး အရှိန်လွန် ထိုးကျတာလို့ သိရပါတယ်။
“အဲ့ဒီနားက မကြာခဏ ဖြစ်နေကြလို့ ပြောတယ်။ သူတို့လည်း နှစ်စီးယှဉ်အထွက်မှာ ရှေ့ကားက ဖြစ်တာ။ ကားပေါ်မှာ ခရီးသည်အမျိုးသမီး သုံးဦးပါတယ်။ နှစ်ဦးက ဘာမှဖြစ်ပေမယ့် တစ်ဦး သေဆုံးတယ်။ ယာဉ်မောင်းလည်း မစိုးရိမ်ရဒဏ်ရာတွေရတယ်” လို့ အိုးဘိုကျန်းမာရေးနှင့် Rescue အသင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက MT News ကို ပြောပါတယ်။



အဆိုပါဖြစ်စဉ်ကြောင့် ကွယ်လွန်သူ ခရီးသည်အမျိုးသမီးနဲ့ ဒဏ်ရာရရှိသူယာဉ်မောင်းကို စစ်ကိုင်းဆေးရုံ ပြင်ပလူနာဌာနဆီ အိုးဘို Rescue အသင်းမှ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။