၁၄. ၁. ၂၀၂၃
Written by Min Mahar
မန္တလေးမြို့ရှိ Kungfu စားသောက်ဆိုင် လက်လုပ်မိုင်းဖြင့်ပစ်ပေါက်ခံရကာ ပေါက်ကွဲမှု ယမန်နေ့ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၃ ရက် ည ၆ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ ၆၈ လမ်း၊ ၁၀၁(A)နှင့် ၁၀၂လမ်းကြားရှိ Kungfu စားသောက်ဆိုင်ရှေ့သို့ တောင်မှ မြောက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ အမည်မသိအမျိုးသား ၂ ဦးက ကျွဲရိုင်းအချိုရည်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခဲ့ပြီး ၆၈ လမ်းအတိုင်း မြောက်ဖက် သိပ္ပံလမ်းဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
၎င်းလက်လုပ်မိုင်းမှာ ဆိုင်ရှေ့လမ်း ပလက်ဖောင်းဘေး ကျရောက်ပေါက်ကွဲသဖြင့် ဆိုင်ရှေ့လမ်းပေါ်တွင် ရပ်ထားသော Lexus အမျိုးအစားယာဥ်၏ ယာဘက်ရှေ့ဘီးပေါက်၍ Fairlady Z (Nissan) အနက်ရောင်ယာဥ်တွင် ယာဘက်တံခါးမှန်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း Kungfu စားသောက်ဆိုင်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ထွက်ပြေးသွားသူများအား ဖမ်းဆီးရမိနိုင်ရေးအတွက် သက်ဆိုင်ရာမှ ထွက်ပြေးသည့် လမ်းကြောင်းတစ်လျောက် လိုက်လံစုံစမ်းရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။